မုံရွာ၊ ဩဂုတ် ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ၃၇ နှစ်ပြည့် ၈၈၈၈ လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ထီးသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။



ဩဂုတ် ၈ ရက်ဒီမနက်ပိုင်းမှာ မုံရွာမြို့နယ်တနေရာမှာ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီ ဦးဆောင်မှုနဲ့ တက်ကြွလှုပ်ရှားတဲ့လူငယ်တွေစုပေါင်းကာ ထီးသပိတ်ကိုပြုလုပ်ခဲ့တာလို့ သိရပါတယ်။



အလားတူ မုံရွာမြို့နယ်အတွင်းမှာ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ တက်ကြွ လူငယ်များပူးပေါင်းပြီးတော့လည်း ၈၈၈၈ အရေးတော်ပုံလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။



ယနေ့မနက်ပိုင်းကစတင်ကာ စစ်ကောင်စီတပ်စွဲထားတဲ့ ဗောဓိတစ်ထောင်အပါအဝင် မုံရွာ – မန္တလေး လမ်းမကြီးပေါ်နဲ့ မုံရွာ မုဒ်ဦးရှေ့စတဲ့နေရာတွေမှာ ထီးသပိတ်အပါအဝင် ၈ အက္ခရာပါတဲ့ ဘောလုံး အင်္ကျီများဝတ်ဆင်ပြီး ၈၈၈၈ (Global Movement) ထီးသပိတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။




