စိုက်ပျိုးစရိတ် မြင့်တက်နေလို့ မတ်ပဲတောင်သူအများစု တွက်ခြေမကိုက်

ပဲခူး၊ မတ် ၃၊ ၂၀၂၃။

ယခုနှစ် မတ်ပဲစျေးနှုန်းဟာ ယခင်နှစ်များထက် စျေးပိုကောင်းပေမယ့် စိုက်ပျိုးကုန်ကျစရိတ် မြင့်တက်နေပြီး မတ်ပဲစိုက် တောင်သူများအနေနဲ့ တွက်ခြေမကိုက်ဘူးလို့ ပဲခူးတိုင်းအတွင်းရှိ မတ်ပဲစိုက် တောင်သူများထံက သိရပါတယ်။

မျိုးပဲစျေးနှုန်းက ၇၅၀၀၀ ကျပ်ကနေ ၉၀၀၀၀ ကျပ်ဝန်းကျင် ရှိပြီး၊ မြေပြင်ရာမှာ ထွန်စက်နဲ့ထယ်ထိုး၊ ထွန်မွှေစားရိတ် ၆၀၀၀၀ ကျပ်ကနေ ၈၀၀၀၀ ကျပ်၊ ဆေးဖြန်းလုပ်သားခအနေနဲ့ တရက်ကို ၈၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်၊ ပဲနှုတ်ခအနေနဲ့ တဧကကို ၅၀၀၀၀ ကျပ်ခန့်၊ ပဲခြွေခအတွက် တတင်းကို ၂၀၀၀ ကျပ် နှုန်းနဲ့ ကုန်ကျစရိတ် ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီနှစ် ရာသီဥတု မဆိုးဘူး၊ မျိုးပဲစျေးကလည်း မျိုးအလိုက် စျေးကွာတယ်။ ဒီဘက်နယ်တွေက စာပါးစပ်၊ ပဲကန်ဇွန်း၊ ပဲချဥ်ပေါင်၊ မျိုးတွေ နီးစပ်ရာ ဝယ်ကြဲကျတယ်။ ပဲစျေးကတော့ ခြောက်သိန်းဝန်းကျင်လောက် ရှိတယ်။ ကိုယ်ရောင်းတဲ့ပဲကလည်း သန့်ရမှာပေါ့။ တဧကို ဆယ်လေးငါးတင်းမှ ပဲမထွက်ရင် တောင်သူ အရှုံးပေါ်တာပဲ။ ကုန်ကျစရိတ်တွေကလည်း အကျဘက်မှာ တခုမှမရှိသလောက်ပါပဲ။ ရှုံးလည်း ဒီလုပ်ငန်းပဲရှိတော့ ဒီအလုပ်ပဲ လုပ်နေရတာ” လို့ နတ်တလင်းခရိုင်မှာ နေထိုင်တဲ့ တောင်သူက ပြောပါတယ်။

ငွေကြေးမလုံလောက်လို့ အတိုးနဲ့ချေးငှါးနေရပြီး ပဲအထွက်နှုန်း မကောင်းပါက စိုက်ဧကများတဲ့ တောင်သူကြီးများအနေနဲ့လည်း အရှုံးပေါ်ကြောင်း၊ ပြည်ခရိုင်အတွင်းရှိ တောင်သူများထံက သိရပါတယ်။

စိုက်ပျိုးထားတဲ့ မတ်ပဲခင်းတွေကို တပတ်မှာတကြိမ် စိုက်ပျိုးရေးဆေးများ ဝယ်ယူ ဖြန်းရပြီး၊ ပိုးမွှားရောဂါအပေါ် မူတည်ကာ ဆေးများ နှစ်မျိုး သုံးမျိုးရောစပ် ပက်ဖြန်းနေရကာ ပေါင်းသတ်ဆေး၊ ရွက်ဖြန်းအားဆေး၊ ပိုးသတ်ဆေး၊ မှိုရောဂါသတ်ဆေးများ ဝယ်ယူတဲ့အခါမှာလည်း ကုမ္ပဏီအလိုက် စျေးနှုန်းများက ယခင်နှစ်ထက် စျေးနှုန်းကြီးမြင့်နေကြောင်း၊ တောင်သူကြီး တချို့ထံက သိရပါတယ်။

ယခင်နှစ် မတ်ပဲ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းခြွေလှေ့ရာမှာ တဧကကုန်ကျစရိတ် စုစုပေါင်း ၂၇၀၀၀၀ ကျပ်ခန့် ကုန်ကျပြီး၊ ယခုနှစ်မှာဆိုရင် ၃၆၀၀၀၀ ကျပ်လောက်အထိ ကုန်ကျနိုင်ကြောင်း၊ ဒေသအလိုက် စျေးနှုန်းများ ကွာခြားနိုင်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။