မြေလတ်အသံ၊ သြဂုတ် ၅၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ စစ်ကောင်စီတပ်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂ ဦးကို ဖမ်းဆီးရရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ဩဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးမှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁၂ ဆင်း စောထူးဖော နဲ့ စောအယ်ကညော တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးကို ဇူလိုင် ၂၉ ရက် မနက် ၈ နာရီကျော်မှာ မင်းလှဆည်ဘောင်အနီး ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။
” သူတို့က တပ်ရင်းမရှိသေး။ ဘုရင့်နောင်စစ်ကြောရေးရုံးကထွက်ပြေးတာ ဘာလက်နက်မှမပါဘူး။ ထွက်ပြေးလွတ်မြောက်လာပြီးတော့ မင်းလှဆည်မှာ ငါးရှာစားရင်းရှောင်နေတာ။ ကျနော်တို့စစ်ကြောင်းက မသင်္ကာတာနဲ့စစ်မေးမှ စစ်မှုထမ်းတပ်သားသစ်တွေဆိုတာသိရတာ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅မှတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။
အဲ့ဒီတပ်သား ၂ ဦးဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁၂ ဆင်းခဲ့ပြီးနောက် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အမှတ် ၁ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း (ဘုရင့်နောင်စစ်ကြောရေး)မှာ ယာယီစုစည်းထားရှိချိန် ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်မှာ ၎င်းတို့ ၂ ဦးအပါ စစ်မှုထမ်းတပ်သား ၆ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တာလို့ ဖမ်းဆီးခံရသူတွေရဲ့ ထွက်ဆိုချက်ကို အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
၎င်းတို့ ၂ ဦးမှာ အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေကဖြစ်ပြီး ယခုနှစ်မတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရပြီးနောက် ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ်၊ ရဲမွန်တပ်မြို့စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံရကာ စစ်မှုထမ်းအပတ်စဉ် ၁၂ ကို တက်ရောက်ခဲ့ရကြောင်း သိရပါတယ်။
အဲ့ဒီနောက် ဇူလိုင် ၄ ရက်မှာ စစ်မှုထမ်းသင်တန်းဆင်းခဲ့ပြီး ရခိုင်ပြည်နယ်စစ်ဆင်ရေးတွေကိုပို့ဆောင်ဖို့အတွက် ဘုရင့်နောင်၊ စစ်ကြောရေးစခန်းမှာယာယီထားရှိစဥ် ထွက်ပြေးလွတ်မြောက်လာပြီးနောက် ဇာတိမြေဖြစ်တဲ့ အုတ်ဖိုနဲ့ မင်းလှမြို့နယ်တွေမှာ ပြန်လည်လာရောက်နေထိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
စာတည်း – ဟိန်းစံ