⁨⁨နွားထိုးကြီးမှာ လေကြောင်းကဗုံးကြဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ

နွားထိုးကြီး၊ ဩဂုတ် ၃၊ ၂၀၂၅။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ သန်းပင်လှကျေးရွာမှာ လေကြောင်းကနေဗုံးကြဲခံရလို့ ကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂ ရက်မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီဘက်က Y 12 ၁ စီးနဲ့ ကျေးရွာထဲကို ဗုံးသီး ၆ လုံး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရသူတွေက အိမ်မှာရှိနေချိန်ထိတယ်။ သေတဲ့ကလေးလေးက ရွာထဲ နွားဆွဲသွားဖို့ လမ်းပေါ်ထွက်ချိန်မှာဖြစ်သွားတာ။ ဗုံးက ရွာထဲကိုကျတာ။ ရွာခံတွေထွက်ပြေးတာတော့ မရှိဘူး”လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးကြဲခံရလို့ အသက် ၁၀ နှစ်အရွယ် ဖိုးသင်္ကြန်ဆိုသူ နေရာမှာပဲသေဆုံးပြီး အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၃ ဦးဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေနေရှိတဲ့အပြင် နေအိမ် ၂ လုံးပျက်စီးပြီး နွား ၁ ကောင်လည်းသေဆုံးသွားတယ်လို့ သိရပါတယ်။

သန်းပင်လှရွာက ယခုလိုလေကြောင်းကနေ ဗုံးကြဲခဲရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျေးရွာကို စစ်ကြောင်းထိုးနေတာ၊ တိုက်ပွဲဖြစ်နေတာမျိုးမရှိဘူးလို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကလည်း နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာမှာ စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးချခံရလို့ ကလေး ၄ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။