myaelatt athan

Sharing Information to the Local

NLD လက်ထက် နိုင်ငံရဲ့ကဏ္ဍပေါင်းစုံ ဆုတ်ယုတ်ခဲ့ဟု စစ်ခေါင်းဆောင် အပြစ်တင်

0 25
0 25

မြေလတ်အသံ၊ ဩဂုတ် ၃၊ ၂၀၂၅။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD အစိုးရတာဝန်ယူခဲ့တဲ့ ဒီမိုကရေစီဒုတိယသက်တမ်းကာလမှာ နိုင်ငံရဲ့ကဏ္ဍပေါင်းစုံမှာ ဆုတ်ယုတ်ခဲ့ရတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဝေဖန်ပြစ်တင် ပြောဆိုပါတယ်။

ဩဂုတ် ၂ ရက် မှာ ပဲခူးတိုင်း၊ တောင်ငူမြို့အခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်က ၎င်းရဲ့လက်အောက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တွေ့ဆုံပြောကြားစဥ်မှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

NLD အစိုးရအနေနဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ကဏ္ဍအသီးသီးရဲ့ လုပ်ငန်းတာဝန်ဆောင်ရွက်မှုတွေမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်မှုမရှိတာကြောင့် နိုင်ငံတော်မှာ အဘက်ဘက်ကဆုတ်ယုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NLD လက်ထက်မှာပဲ တပ်မတော်ကိုမုန်းတီးစေတဲ့ ရေးသားပြောဆိုမှုတွေ၊ လှုံ့ဆော်မှုတွေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့နည်းတွေနဲ့ လုပ်ဆောင်ခဲ့ကြတယ်လို့လည်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုပါတယ်။

ဇူလိုင် ၃၁ ရက်မှာ စစ်ခေါင်းဆောင်တွေဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)အစည်းအဝေးခေါ်ယူခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က NLD လက်ထက် စီးပွားရေးကျဆင်းခဲ့တယ်လို့ ဝေဖန်ခဲ့ပါသေးတယ်။

အဲ့ဒီကာလုံအစည်းအဝေးမှာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုဖျက်သိမ်းခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ယခင်စစ်ကောင်စီမှာပါဝင်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ဖွဲ့စည်းကာ အဲ့ဒီကော်မရှင်မှာလည်း ဥက္ကဌအဖြစ် ၎င်းကပဲ အာဏာကိုဆက်လက်ချုပ်ကိုင်ထားပါတယ်။

အဲ့ဒီစစ်ကော်မရှင်ဖွဲ့စည်းပြီးနောက် စစ်ခေါင်းဆောင်က စစ်ကော်မရှင်ဥက္ကဌအနေနဲ့ တောင်ငူမြို့က ၎င်းရဲ့လက်အောက်တပ်ဖွဲ့ဝင်တွေဆီ ပထမဆုံးသွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။