myaelatt athan

Sharing Information to the Local

မြင်းခြံက တော်လှန်ရေးတပ်စခန်းတခုကို စစ်ကောင်စီတပ်တွေ စီးနင်းဖျက်ဆီး

0 146
0 146

◼ စစ်ကြောင်းနဲ့ တိုက်ပွဲကြောင့် ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေ

မြင်းခြံ၊ ဩဂုတ် ၂၊ ၂၀၂၅။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာကို စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးပြီး တော်လှန်ရေးတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူ ၅,၀၀၀ ကျော်ထွက်ပြေးနေရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဩဂုတ် ၁ ရက် မနက်အစောပိုင်းမှာ ညောင်ဦးဘက်ကနေ အင်အား ၂၀၀ ကျော် ကားအစီးရေ ၂၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီးနောက် မနက် ၆ နာရီကျော်ခန့်မှာ နတ်ထားကျေးရွာအနီး ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။

“ဒေသခံတွေ ပြေးရတာပေါ့။ လူဦးရေ ၅,၀၀၀ ကျော်လောက်ရှိမယ်။ နည်းနည်းလေး ရှောင်တိမ်းနေရတယ်။ လက်ရှိစစ်ကြောင်းက တမုန်းကိုင်းရွာ ဘုရားကုန်းပေါ်မှာ။ အမြင့်ကနေ နေရာယူထားတယ်။” လို့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကြောင်းထိုးလာတာနဲ့တိုက်ပွဲကြောင့် အိမ်ခြေ ၂၀၀ ကနေ ၃၀၀ ကြားရှိတဲ့နတ်ထား၊ တမုန်းကိုင်း၊ စံပြကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးနေကြရတာပါ။

တိုက်ပွဲဖြစ်ခဲ့တဲ့ နတ်ထားကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ စခန်းကိုတော့ စစ်ကောင်စီဘက်ကသိမ်းသွားပြီး လက်ရှိမှာ တမုန်းကိုင်းရွာရဲ့ဘုရားကုန်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ နတ်ထားကျေးရွာကို စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေါ်သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှင်းလင်းချိန် PDF စခန်းတခုကို သိမ်းဆည်းရမိပြီး အလောင်းနဲ့ လက်နက်တွေသိမ်းဆည်းရမိတယ်လို့ ရေးသားဖော်ပြထားပါတယ်။

စစ်ကောင်စီတယ်လီဂရမ်တွေမှာဖော်ပြထားတာနဲ့ပတ်သက်ပြီး စခန်းစီးနင်းခံရတဲ့အခြေနေကိုတော့ အထက်ပါနီးစပ်သူကအတည်ပြုထားပြီး နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်လမ်းပိုင်းရှိ တူရွင်းဘိုကျေးရွာအနီးက ဒေသကာကွယ်ရေးအဖွဲ့ ဂိတ်နားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂၀ ခန့်သေဆုံးခဲ့သလို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က ၁ ဦးသေပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။