myaelatt athan

Sharing Information to the Local

၇ တန်းကျောင်းသားကို သတ်သူတွေနဲ့ ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်တဲ့ကျောင်းဆရာကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်

0 129
0 129

ပဲခူး၊ ဩဂုတ် ၁၊ ၂၀၂၅။

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်အတွင်းမှာ ၇ တန်းကျောင်းသားကို သတ်ဖြတ်ခဲ့သူ ၃ ဦးနဲ့ ကျောင်းသား ၁၇ ဦး အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းဆရာတို့ကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်သက်နိုင်မင်းကို သတ်မှုနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ အောင်ကျော်ဇော၊ ဟိန်းလတ်(ခ)အောင်ဟိန်းနဲ့ နိုင်အောင်ဖြိုးတို့ ၃ ဦးကို ပဲခူးခရိုင်တရားရုံးကနေ ထောင်ဒဏ် အနှစ် ၂၀ အပါအဝင် မသေမချင်းကြိုးကွင်းစွပ်သတ်ရန် ဇူလိုင် ၃၀ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ကျောင်းသား ၁၇ ဦးကို အဓမ္မပြုကျင့်သူ မုက္ကလကျေးရွာ အလက(ခွဲ) မှ ကျောင်းဆရာသက်ဇော်အောင်ကိုလည်း ပဲခူးခရိုင်တရားရုံးကပဲ ထောင်ဒဏ် အနှစ် ၄၀ ကျခံရန် ဇူလိုင် ၃၁ ရက်မှာ အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။

အောင်ကျော်ဇော
ဟိန်းလတ် (ခ) အောင်ဟိန်း

“ကျောင်းဆရာကို နှစ် ၄၀ ချတာ။ ပထမ သူ့ကို ၁ မှုတည်းစွဲမလို့လုပ်တာ။ ဖြောင့်ချက်ပေးတဲ့နေရာ သူကငြင်းတော့ ၁၇ မှုလုံးနဲ့စွဲလိုက်တယ်။ ၁၇ မှုစာ နှစ် ၄၀ ချတာ။ ၃ ယောက်ကကျတော့ ၁ ယောက်က ဝမ်းလျောပြီးသေသွားတယ်။ သူတို့ကိုကျတော့ မသေမချင်းကြိုးကွင်းစွပ်သတ်စေ။ အမှုမှာက ၃ ယောက်ဖြစ်သွားတာ။ နောက် ၁ ယောက်ကိုကျတော့ အားပေးအားမြှောက်မှုနဲ့ သေဒဏ်ပဲ”လို့ဖြစ်စဥ်ကိုသိထားတဲ့ မြို့ခံတဦးက ပြောပါတယ်။

အမှုရင်ဆိုင်နေစဥ် ဇွန် ၁ ရက်မနက်အစောပိုင်းမှာ နိုင်အောင်ဖြိုးဟာ ပဲခူးဆေးရုံမှာဝမ်းလျော ရောဂါနဲ့သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

နိုင်အောင်ဖြိုး

အောင်ကျော်ဇော၊ ဟိန်းလတ်(ခ)အောင်ဟိန်းနဲ့ နိုင်အောင်ဖြိုးတို့ ၃ ဦးကို ရဲက ရာဇသတ်ကြီး ပုဒ်မ ၃၆၄၊ ပုဒ်မ ၃၀၂(၁)(ခ) တို့နဲ့ မေ ၂၃ ရက်မှာ ဖမ်းဆီးတရားစွဲဆိုကာ ရုံးတင်စစ်ဆေးနေခဲ့ပြီး ၂ လအကြာမှာ အမိန့်ချခဲ့တာဖြစ်ပါတယ်။

အောင်ကျော်ဇော နဲ့အောင်နိုင်ဖြိုးတို့မှာ ငွေလိုအပ်တာကြောင့် မေ ၂၀ ရက်မှာ မောင်သက်နိုင်မင်းကို မြို့ထဲကနေဖမ်းဆီးပြီး ပဲခူးမြို့ မဇင်းဆည်အနီးမှာ ခြေလက်ကြိုးတုပ်ပြီး မြွေရေခွံအိတ်နဲ့ ခေါင်းကိုစွပ်သတ်ခဲ့ကာ ဟိန်းလတ်(ခ)အောင်ဟိန်းကလည်း အဆိုပါအမှုမှာ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

မုက္ကလကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲက ယာယီကျောင်းအုပ်ဆိုသူ အသက် ၂၉ နှစ်အရွယ် ဦးသက်ဇော်အောင်ဟာ သူစာသင်ရာကျောင်းက ကလေးငယ် ၁၇ ဦးကို ကျောင်းအုပ်ရုံးခန်း၊ သူနေထိုင်တဲ့နေအိမ်တွေကိုခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တာကို ကျောင်းသား မိဘတွေကသိရှိရာမှ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလို့ ဇန်နဝါရီ ၂၃ ရက်မှာဖမ်းဆီးခံရပြီး တရားစွဲဆိုခံရတာလို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။