ညောင်ဦး၊ ဇူလိုင် ၃၀၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါကျေးရွာနဲ့ ကျောက်ကန်ကျေးရွာကြားမှာ စစ်ကောင်စီ စစ်ကြောင်းကို ကင်းထောက်သွားတဲ့ PDA တပ်ဖွဲ့ဝင် ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဇူလိုင် ၂၉ ရက်မှာ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA)က သတင်းထုတ်ပြန်ထားပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင် ၂ ဦးဟာ အသက် ၂၀ ကျော်အရွယ် အသေးလေး (ခ) နေတိုးအောင်နဲ့ အောင်ကြီး (ခ) အောင်ပြည့်စုံတို့ဖြစ်ပြီး ဇူလိုင် ၂၈ ရက်ညနေပိုင်းမှာ ဂန့်ဂါဘက်ကလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်ပါ စစ်ကားတန်းကို ကင်းထောက်ဖို့အသွားမှာပစ်ခတ်ခံရပြီး ကျဆုံးသွားတာလို့ ဆိုပါတယ်။

“ယာဥ်တန်းက ကျောက်ကန်ဘက်ကို ထွက်လာတာကို ကျနော်တို့ရဲဘော်တွေကို ကင်းလွှတ်လိုက်တာ။ သူတို့သွားတဲ့ပွိုင့်ကိုမရောက်ခင်မှာ ဘာအဖွဲ့မှမရှိတော့ ကားနှစ်စီးက ကြိုရောက်နေတာ။ ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တာ။ ရန်သူက အရင်မြင်ပြီးဆီးပစ်တာတယောက်အရင်ထိတာ။ ခုခံပစ်ရင်း နှစ်ယောက် စလုံးကျတာ”လို့ PDO/PDA ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ပစ်ခတ်မှုအတွင်း အထက်ပါတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး သူတို့ကိုင်ဆောင်တဲ့ MA 1 ၁ လက်နဲ့ BA 94 ၁ လက်ပါဆုံးရှုံးခဲ့ကာ ကျဆုံးတပ်ဖွဲ့ဝင် ၂ ဦးရဲအလောင်းတွေကိုတော့ ဇူလိုင် ၂၉ ရက်မှာ သွားရောက် ကောက်ယူပြီးနောက် နာရေးပြုလုပ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီ အဖွဲ့ဝင်တွေဟာ PDO/PDA တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်သတ်ပြီးနောက် ကျောက်ကန်ရွာထဲကိုဝင်ရောက်ခဲ့ကာ ညပိုင်းမှာ ညောင်ဦးဘက်ကို ပြန်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDO/PDA) အနေနဲ့ စစ်အာဏာသိမ်း ၄ နှစ်ကျော်ကာလအတွင်းမှာ တပ်ဖွဲ့ဝင် ၅ ဦးထိကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း