ဖမ်းထားတဲ့အရပ်သား ၃၀ ဦးကိုခေါ်ကာ တပ်ဆုတ်လာတဲ့ စစ်ကြောင်းတိုက်ခိုက်ခံရပြီး ဖမ်းခံရသူ ၇ ဦး လွတ်မြောက်ခဲ့

မြေလတ်အသံ၊ ဇူလိုင် ၃၀၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဆယ်ရွာကနေ ဖမ်းဆီးထားတဲ့ ဒေသခံအရပ်သား ၃၀ ဦးကို ခေါ်ဆောင်ကာ တပ်ပြန်ဆုတ်လာတဲ့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ဇူလိုင် ၂၉ ရက်မှာထုတ်ပြန်ပါတယ်။

အရပ်သားတွေကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၇၀ ခန့်ပါစစ်ကြောင်းဟာ ဆယ်ရွာကနေ ဘန့်ဘွေးကုန်းရွာစခန်းကို တပ်ပြန်ဆုတ်လာချိန် မြို့ချောင်း-စိန်ကန့် လန့်ရိုးမဖြတ်လမ်း ဒေသအခေါ် ၄၈ ပေါက် ဖုတ်တက်ကြီးအနီးမှာ ဇူလိုင် ၂၄ ရက် နေ့လယ် ၃ နာရီကျော်က မိနစ် ၂၀ ခန့်ကြာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

” ဘန့်ဘွေးကုန်းက **စခန်းကို ** ၁၅လောင်းနဲ့ ဒဏ်ရာရ ၃ ကောင် သယ်လာတယ်လို့ ဒေသခံနဲ့တပ်ဖရဲသီးဆီကသိရတာပါ။ ပြည်သူ ၂၀ လောက်ကိုလည်းကြိုးချည်ဖမ်းလာတယ်ပြောပါတယ်” လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးမှုတွေကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီတပ်ကဖမ်းဆီးလာတဲ့ ဆယ်ရွာခံအမျိုးသား ၃၀ ဦးအနက် ၇ ဦးမှာ တိုက်ပွဲတွေအကြား ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကျန် ၂၃ ဦးမှာ စစ်ကြောင်းနဲ့အတူ ဘန့်ဘွေးကုန်းစခန်းကို ခေါ်ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

အုတ်ဖိုမြို့နယ်၊ ဆယ်ကျေးရွာကို အထက်ပါစစ်ကြောင်းက ဇူလိုင် ၂၂ ရက်မှာဝင်ရောက်စီးနင်းပြီး ကလေးငယ်တွေအပါ အမျိုးသမီး၊ အမျိုးသား ၄၀ ဦးကိုဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင် ၂၃ ရက်မှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေကိုပြန်လွတ်ပေးကာ ဇူလိုင် ၂၄ ရက်မနက်ပိုင်းမှာ ဘန့်ဘွေးကုန်းရွာစခန်းကို တပ်ပြန်ဆုတ်လာခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ဆယ်ကျေးရွာနဲ့ စစ်ကောင်စီတပ်စခန်းရှိတဲ့ ဘန့်ဘွေးကုန်းကျေးရွာဟာ ၁၂မိုင်ခန့်ကွာဝေးပြီး ဘန့်ဘွေးကုန်းရွာစခန်းကို ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆယ်ရွာခံ အမျိုးသား ၂၃ ဦးမှာ ဇူလိုင် ၂၉ ရက် ယမန်နေ့အထိ ပြန်လွတ်မြောက်တာမရှိသေးဘူးလို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။