myaelatt athan

Sharing Information to the Local

မိုးကုတ်မြို့ ဗုံး ၅ လုံးကြဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ

မြေလတ်အသံ၊ ဇူလိုင် ၂၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီတပ်က ဇူလိုင် ၂၉ ရက်၊ ဒီမနက် ၉ နာရီကျော်မှာ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာရပ်ကွက်နဲ့ BOC ကားကြီးကွင်းအနီးတို့ကို ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် လူနေအိမ် ၁၈ လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ် TNLAရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo – မြို့ခံပြည်သူများ။

မင်းတံတားရပ်ကွက်နေ အမျိုးသား ၁ ဦးကတော့ ဗုံးကြဲခံရပြီးနောက် နေ့လည် ၂ နာရီအချိန်အထိ ၎င်းတို့ရပ်ကွက်မှာ မပေါက်ကွဲသေးတဲ့ဗုံးသီး ၁ လုံးကျန်နေခဲ့ကာ မြို့ပေါ်မှာလည်း လူနာတင်ကားတွေသွား လာသံတွေကြားနေရသလို နောက်ထပ်လေယာဥ်ဝဲပျံသံတွေကိုလည်း ကြားနေရတာကြောင့် မြို့ခံတွေ ဗုံးခိုကျင်းထဲနေနေကြရတယ်လို့ ပြောပါတယ်။

“လောလောဆယ်တော့ အားလုံးပေါင်းသေတာ ၈ ယောက် ဝန်းကျင်ကြားတယ်။ဗုံးကြဲချိန် မိုးအရမ်းရွာနေတာ။ အခုက မိုးတော့ တိတ်သွားပြီ။ လေယဥ်သံနားစွင့်၊ ဝေဟင်သတင်း ထိုင်ဖတ်နေရတယ်။ ခုလည်း Y12၊ Y8 ဝဲနေလို့။ ငြိမ်နေရပါတယ်”လို့ သူကဆိုပါတယ်။

Photo – မြို့ခံပြည်သူများ။

မိုးကုတ်မြို့ကလမ်းတွေ ပြင်မယ်ဆိုပြီးမြို့တွင်းကို ကားအဝင်အထွက်ပိတ်ကာ လမ်းပြင်ဖို့ ပြုလုပ်ချိန် ယခုလို ဗုံးကြဲတိုက်ခိုက်ခဲ့ရတာပါ။

“လမ်းပြင်မှာဆိုမှ တနေ့လုံး လေယာဉ် ၂ စီးနဲ့ လာကြဲနေတာ။ ပြည်သူနဲ့ တော်လှန်ရေးကို သွေးခွဲ နေတာ”လို့ မြို့ခံတဦးက ပြောပါတယ်။

Photo – မြို့ခံပြည်သူများ။

ဒါ့အပြင် မိုးကုတ်မြို့က ကားဂိတ်အကုန်လုံးကို ကားကြီးဝန်း အတွင်းရပ်ဖို့ TNLAက စာထုတ်ခဲ့ပြီးနောက် ကားရပ်နားဝန်းကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ကလည်း မိုးကုတ်မြို့၊ ရွှေလိပ်ပြာဟိုတယ်ကို စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချခဲ့တာကြောင့် အမျိုးသား ၁ ဦးသေဆုံးပြီး နောက်ထပ် ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photo – မြို့ခံပြည်သူများ။

စစ်ကောင်စီတပ်က မိုးကုတ်မြို့ပေါ်ကို ဇူလိုင် ၈ ရက်ကနေ ၂၉ ရက် ဒီကနေ့အထိ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦး အပါအဝင် ၁၀ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိကာ လူနေအိမ် ၄၂ လုံးပျက်စီးခဲ့တယ်လို့ TNLA ရဲ့မှတ်တမ်းအရသိရပါတယ်။

စာတည်း – မြတ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။