မြေလတ်အသံ၊ ဇူလိုင် ၂၉၊ ၂၀၂၅ ။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်အနီး အလုပ်ရုံ ၁ ခုအတွင်းက လူငယ်အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကွမ်းယာပစ္စည်းတွေဖြစ်တဲ့ ကွမ်းသီး၊ နှပ်ဆေး၊ ထုံး၊ ဆေးရွက်ကြီးတွေ ထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်းက အလုပ်သမားတွေဖြစ်ပြီး ဇူလိုင် ၂၇ ရက် မှာ အင်အား ၁၅ ဦးခန့်ပါ စစ်ကောင်စီတပ်ဖွဲ့တွေက အလုပ်ရုံအတွင်း ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“စုစုပေါင်း အလုပ်သမား ၁၁ ယောက်ရှိတာ ၉ ယောက်ကိုဖမ်းသွားတယ်။ အလုပ်ရုံအတွင်းဝင်လာပြီး မိန်းကလေးတွေနေရစ် ကျန်တဲ့အမျိုးသားတွေလိုက်ခဲ့ဆိုပြီးခေါ်သွားတာ။ ၂ ယောက်က မိန်းကလေးမို့ ခေါ်မသွားတာ”လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်မြို့နယ်ကျေးရွာတွေကနေ မုံရွာမြို့ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ အသက် ၂၅ နဲ့ ၃၅ နှစ်ကြားရှိ အမျိုးသားတွေဖြစ်ပြီး လက်ရှိ မုံရွာ နမခစစ်ဌာနချုပ်ကို ပို့ဆောင်ခံထားရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက ဇူလိုင် ၂၂ ရက်က စတင်ကာ မုံရွာမြို့နေရာအနှံ့မှာ လိုက်လံဖမ်းဆီးပေါ်တာဆွဲနေတာဖြစ်ပြီး အခုလဒုတိယအပတ်မှာပဲ စစ်ကိုင်းတံတားပေါ်က ခရီးသွားကားတွေကိုတားပြီး လူငယ်အမျိုးသား ၃၀ ကျော်ကို ရွေးချယ်ဖမ်းဆီးသွားခဲ့ပါတယ်။
ဇူလိုင် ၁၄ ရက်မှာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၁၅ ကို နိုင်ငံတဝှမ်းစစ်ကောင်စီတပ် သင်တန်းကျောင်းတွေမှာ ဖွင့်လှစ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီးနောက် အပတ်စဥ် ၁၆ ဖွင့်လှစ်နိုင်ရေး မဲနှိုက်ခေါ်ဆောင်တာအပြင် အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်တယ်လို့ CDM တပ်မတော်သားတဦးက ပြောပါတယ်။
စာတည်း – ဟိန်းစံ