တိုက်ပွဲတွင်းရတဲ့ ဦးခေါင်းဒဏ်ရာကြောင့် ပြည်ပမှာဆေးကုနေရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကုသစရိတ်လိုအပ်နေ

မြေလတ်အသံ၊ ဇူလိုင် ၂၈၊ ၂၀၂၅။

တိုက်ပွဲအတွင်းဦးခေါင်းထိဒဏ်ရာကြောင့် ပြည်ပနိုင်ငံတခုမှာ ဆေးကုသနေရတဲ့ မကွေးတိုင်း အခြေစိုက် အညာမြေတပ်ပေါင်းစုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးအတွက် ဆေးဝါးကုသစရိတ် လိုအပ်နေတယ်လို့ တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဆေးကုသနေရသူဟာ အသက် ၃၅ နှစ်အရွယ်တပ်ဖွဲ့ဝင် ကိုချင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန်ရှိ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေရဲ့ တပ်စခန်းကိုတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ ၄၀ မမ ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

“အခက်အခဲတွေကတော့ အများကြီးပါပဲ။ ကျနော်တို့မှာ စစ်တိုက်လည်း ကိုယ့်ကျည်နဲ့ကိုယ်။သေလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်။ မသေလို့ဆေးကုရလည်း ကိုယ့်စရိတ်နဲ့ကိုယ်ဆိုတော့အတော်ကို ခက်ခဲ ပါတယ်။ ခက်ခဲပေမဲ့တော်လှန်ရေးခုလောက်ကြာတဲ့အထိ လိုင်းပေါ်တက် အလှူခံနေရရင်လည်း ရှက်စရာကောင်းလို့ ဘယ်သူ့ထံကမှလည်း သွားပြီး အလှူမခံဖြစ်ပါဘူး။ မရှိ၊ ရှိအောင် ချေးငှားပြီး ကုရပါတယ်”လို့ အညာမြေတပ်ပေါင်းစုမှ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

ကိုချင်းရဲ့ ဦးခေါင်းကိုခွဲစိတ်ကုသရမှာဖြစ်လို့ ဒေသတွင်းတော်လှန်ရေးဆေးရုံတွေမှာ ခွဲစိတ်ဆရာဝန်တွေ ရှိပေမယ့် ကုသမယ့်ပစ္စည်းတွေမစုံလင်တာကြောင့် အခုလိုပြည်ပဆေးရုံတခုမှာ သွားရောက် ကုသနေရတာ ဇူလိုင် ၂၈ ရက်ဒီကနေ့ဆို ၃၈ ရက်ရှိနေပြီလို့ ဆိုပါတယ်။

လက်ရှိ ကိုချင်းရဲ့ ကျန်းမာရေးအခြေအနေကတော့ ဦးခေါင်းခွံကို ၅ လက်မပတ်လည် ဖြုတ်ထားရပေမယ့် မှတ်ဉာဏ်တွေကောင်းနေဆဲဖြစ်ကာ ဆေးကုသမှုကိုတော့ ဆေးရုံမှာ နောက်ထပ် ၃ လ ခန့်နေထိုင်ပြီး ဆက်လက်ကုသရအုံးမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

လက်ရှိအချိန် ဆေးကုသမှုစရိတ်ဟာ မြန်မာငွေကျပ်သိန်း ၂၃၀ ကျော်ကုန်ကျနေပြီဖြစ်ပေမယ့် ဆေးကုသမှုအပြီးအစီးဆိုရင်တော့ ကျပ်သိန်း ၅၀၀ ခန့်ကုန်ကျနိုင်တယ်လို့ ကိုဘိုဘိုသန့်ဇင်က ခန့်မှန်းထားပါတယ်။

“ကျနော်တို့ တော်လှန်ရေးစခဲ့တာ ၂၀၂၁ မေလ ကတည်းက စခဲ့တာပါ။ အဲဒီတုန်းကနေ အခုထိ NUG ကသော်လည်ကောင်း၊ တခြားသောအဖွဲ့အသီးသီးကသော်လည်ကောင်း မည်သည့် အထောက်အပံ့မှ တခုမှမရခဲ့ဖူးပါ။ သူတို့က မထောက်ပံ့သော်လည်း ကျနော်တို့ သူတို့ကို နာကျည်းတာ၊ စိတ်ဆိုးတာ တခုမှ မရှိပါ။ ကျနော်တို့လုပ်နိုင်သမျှ ကျနော်တို့ လုပ်ကြမယ်ဆိုပြီး တော်လှန်ရေးမှာ နှမ်းတစေ့အဖြစ် ပါဝင်ထမ်းရွက်နေတာပါ”လို့ သူကဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၃၊ သြဂုတ်လကလည်း မြိုင်မြို့နယ်၊ စက်မှု(၂) တိုက်ပွဲမှာ ခန္ဓာကိုယ်နံရိုးကို ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၂၅ အရွယ် တပ်ဖွဲ့ဝင် ပြည့်ကြီး လည်း ပြည်ပဆေးရုံတခုမှာ ခွဲစိပ်ပြီး ၈ လကြာဆေးကုသမှုခံယူခဲ့ရပြီး ဆေးကုသစရိတ် ကျပ်သိန်း ၅၀၀ ခန့်ကုန်ကျခဲ့တယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။