◼ စိန်ပြောင်းလက်နက်ကြီးတွေအပါ လက်နက်ခဲယမ်းအများအပြားရ
ကျောက်ကြီး၊ ဇူလိုင် ၂၇၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက် ခမရ ၅၉၀ တပ်ရင်းရဲ့ ရင်းတိုက်ကုန်းကျေးရွာရှိရှေ့တန်းစစ်ကြောင်းရုံးစခန်းကို KNLAနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ ဇူလိုင် ၂၆ ရက်မှာ ပဲခူးခရိုင်တပ်ရင်း ၂ – P2 3702 က သတင်းထုတ်ပြန်ပါတယ်။
အင်အား ၆၀ ခန့်ရှိတဲ့ အဲ့ဒီစစ်ကြောင်းရုံးစခန်းကို ဇူလိုင် ၂၄ ရက် ည ၁၁ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၅ ရက်မနက်ပိုင်းအထိ ၇ နာရီခန့်ကြာတိုက်ခိုက်ခဲ့ပြီးနောက် စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
” သူက ခမရ ၅၉၀ အခြေစိုက်တပ်ရင်းက ဗိုလ်မှူးဦးစီးတဲ့ စစ်ကြောင်းပေါ့။ အဲ့ရွာမှာက စစ်ကြောင်းရုံးစိုက်ထားပြီး တခြားနေရာရွာတွေမှာ တပ်ဖြန့်ထားတဲ့အခြေအနေပေါ့။ တပ်စွဲထားတာက ကြာပြီဗျ။ တိုက်ပွဲကအခြေနေအရ အပြီးပြတ်ရတာပေါ့”လို့ ပဲခူးခရိုင်တပ်ရင်း ၂ – P2 3702 ပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရင်းတိုက်ကုန်းကျေးရွာအနောက်ဘက်ခြမ်းကို ဆုတ်ခွာသွားတာကြောင့် စခန်းကိုဝင်ရောက်စီနင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ ၈၁ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ စိန်ပြောင်း ၁ လက် ၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ RPG ၁ လက် ၊ MA 11 သေနတ် ၆ လက်၊ MA3 သေနတ် ၁ လက် ၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဂျန်မာစက် ၂ လုံး ၊ မီးစက် ၂ လုံး ၊ ၈၁ မမ ဗုံးသီး ၃ လုံး၊ ၆၀ မမ ဗုံးသီး ၁၄ လုံး၊ RPG ဗုံးသီး ၂ လုံး၊ မြေမြှုပ်မိုင်းမျိုးစုံ ၃၀ လုံး၊ ကျည်မျိုးစုံ ၄,၀၀၀ နဲ့ အခြားစစ်အသုံးအဆောင် ဆက်စပ်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ အဲ့ဒီတပ်ရင်းက ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ ပူးပေါင်းတပ်ဘက်က ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ခိုက်မှုကို ပဲခူးခရိုင်တပ်ရင်း ၂ – P2 3702 ၊ ရိုးမ ၂ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ KNLA တပ်ရင်း ၉ ပူးပေါင်းအဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဇွန် ၂၅ ရက်ကလည်း ကျောက်တံခါးမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာက စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ