မြေလတ်အသံ၊ ဇူလိုင် ၂၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ အင်အား ၁၀၀ ကျော်နဲ့ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ခုခံတိုက်ခိုက်ရင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းဆီက သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ရွှေဘိုမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့နေရာကို ထိုးစစ်ဆင်လာချိန် ဇူလိုင် ၂၄ ရက်မနက် ၈ နာရီကျော်ကစပြီး ၁ နာရီ ခန့်ကြာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။
“ရန်သူ့စစ်ကြောင်းကို ခုခံရင်း မြင့်မြတ်စွာကျဆုံးခဲ့တာပါ။ ရန်သူ့စစ်ကြောင်းကို ကောင်းစွာ ခုခံချေမှုန်းနိုင်ခဲ့ပါတယ်။ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှုများစွာနဲ့ ဆုတ်ခွာသွားပေမယ့် ရန်သူ့လက်နက်နဲ့ အလောင်းတော့မရခဲ့ပါဘူး”လို့ ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းမှ တပ်ရင်းမှူး ပီလွန်ကပြောပါ တယ်။

ကျဆုံးသူမှာ ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်ရန်လင်းဖြစ်ပြီး တိုက်ပွဲအတွင်း ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ရုပ်အလောင်းကိုတော့ ဇူလိုင် ၂၄ ရက်နေ့လယ်မှာ မြေမြှုပ် သင်္ဂြိုဟ်လိုက်ပြီလို့ သူကဆက်ပြောပါတယ်။
တပ်ဖွဲ့ဝင်ရန်လင်းဟာ ရှမ်း-မန်းစစ်ဆင်ရေး၊ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတို့မှာ ပါဝင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး သူ့အနေနဲ့ ရှေ့တန်းရက်စေ့လို့ တပ်ချိန်းတဲ့အချိန်မှာ နောက်တန်းမပြန်ဘဲ လက်ရှိတိုက်ပွဲမှာဆက်လက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တာလို့ တပ်ရင်းမှူး ပီလွန်ကပြောပါတယ်။
အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၂၅ ရက်ဒီကနေ့အထိ ဆက်လက် ထိုးစစ်ဆင်လာနေတာကြောင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲဝင်နေတဲ့ ညီနောင် ၆ ရင်းဖြစ်တဲ့ ရွှေဘိုခရိုင်အမှတ် ( ၁၅၊၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆၊ ၁၇၀၁) တပ်ရင်းတွေမှာ ကျည်၊ ခဲယမ်းတွေ လိုအပ်လျှက်ရှိနေတယ်လို့သိရပါတယ်။
စာတည်း – လင်း