23 July 2025 6:46 PM

myaelatt athan

Sharing Information to the Local

တရုတ်စီမံကိန်းက CDMဝန်ထမ်းထောင်နဲ့ချီ လုပ်ငန်းခွင်ပြန်ဝင်သွားလို့ ကြေးနီထုတ်လုပ်ငန်း အလုံးစုံပြန်လည်ပတ်နေ

မြေလတ်အသံ၊ ဇူလိုင် ၂၃၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင်ကြေးနီစီမံကိန်း မြန်မာ-ဝမ်ပေါင်၊ မြန်မာ-ယန်စီကုမ္ပဏီတွေကနေ CDM ပြုလုပ်ထားတဲ့ဝန်ထမ်းထောင်နဲ့ချီ Non CDM အဖြစ် လုပ်ငန်းခွင်တွေအတွင်းပြန်လည်ဝင်ရောက်လုပ်ကိုင်နေကြပြီလို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်စပိုင်းက စတင်ကာ CDM ဝန်ထမ်းတချို့ အဲ့ဒီကြေးနီထုတ်ကုမ္ပဏီတွေမှာ Non- CDM အဖြစ် ပြန်လည်ဝင်ရောက်ခဲ့ကြတာကနေ ဇွန်နဲ့ဇူလိုင်လတွေအထိ ကြေးနီစီမံကိန်း CDM ဝန်ထမ်း ၃,၀၀၀ ကျော် လုပ်ငန်းခွင်အတွင်းပြန်လည်ရောက်ရှိသွားခဲ့တာလို့ ဆိုပါတယ်။

” တော်လှန်ရေးကာလကြာလာတော့ စားဝတ်နေရေးအကြောင်းပြပြီး အလုပ်ပြန်လုပ်ကြတယ်။ တချို့လည်းတောင့်မခံနိုင်တာမှန်ပေမယ့် တချို့ကလည်း ကြီးပွားချင်တဲ့စိတ်နဲ့ ပြန်ဝင်သွားကြတယ်။ ခုတော့ ကုမ္ပဏီ နှစ်ခုလုံး ဌာနအသီးသီးပြန်လည်ပတ်နိုင်နေပြီ” လို့ ကြေးနီကုမ္ပဏီသတ္ထုတူးဖော်ရေးဌာနမှ CDM ပြုလုပ်ထားဆဲ ဆားလင်းကြီးဒေသခံဝန်ထမ်းတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းမီက လက်ပံတောင်းတောင်နဲ့ ကြေးစင်တောင်စီမံကိန်းမှာ ဝန်ထမ်းအင်အား ၇,၅၀၀ ကျော်ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် ဝန်ထမ်း ၁,၀၀၀ ကျော် (၁၅% ခန့်)သာ ကုမ္မဏီအတွင်းဆက်လက်ရှိနေခဲ့ပြီး ကျန်ဝန်ထမ်း ၆,၀၀၀ ကျော်မှာ CDM ပြုလုပ်ခဲ့ကြတာကြောင့် ကြေးနီထုတ်လုပ်ရေးလုပ်ငန်းတွေဆက်မလုပ်နိုင်ဘဲ စက်ရုံလည်ပတ်မှုကို ရပ်တန့်ထားခဲ့ရတယ်လို့ သိရပါတယ်။

၂၀၂၄ နှစ်ဆန်းပိုင်းမှာ တရုတ်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်က လက်ကျန် Non-CDM ဝန်ထမ်းတွေနဲ့ ပြင်ပက လုပ်သားတွေခေါ်ယူကာ စက်ရုံလုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ကြိုးစားခဲ့ကြပြီး ကြေးနီတန်ချိန်အနည်းငယ်သာ ထုတ်လုပ်နိုင်ခဲ့တာပါ။

၂၀၂၅ နှစ်ဆန်းပိုင်းကစတင်ကာ ဇူလိုင်လဒုတိယအပတ်အထိ CDM ဝန်ထမ်း ၃.၀၀၀ ကျော် ( ၅၀% ခန့်) ဟာ တရုတ်စီမံကိန်းစက်ရုံလုပ်ငန်းခွင်တွေအတွင်း ပြန်လည်ဝင်ရောက်သွားကြတာကြောင့် လက်ရှိကြေးနီထုတ်ကုမ္ပဏီတွေရဲ့ဌာနအသီးသီးမှာ စစ်အာဏာမသိမ်းမီကာလတွေကလို အလုပ်ချိန် ၈ နာရီ ၃ ဆိုင်းနဲ့ ၂၄ နာရီ ပြန်လည်ပတ်နေကြပြီလို့ သိရပါတယ်။

အဲ့ဒီလိုပုံမှန်ပြန်လည်ပတ်နိုင်တာကြောင့် အဆိုပါကြေးနီထုတ်ကုမ္ပဏီတွေရဲ့မူလလျာထားချက် ကြေးနီတန်ချိန်တွေကို ပြည့်မီအောင်ပြန်လည်ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ အထက်ပါကြေးနီကုမ္ပဏီ CDM ဝန်ထမ်းက ရှင်းပြပါတယ်။

“ ယန်စီကုမ္ပဏီက တရက်ကိုကြေး တန်ချိန် ၁၅၀၊ ဝမ်ပေါင်က တန်ချိန် ၃၀၀ သတ်မှတ်ပြီး လည်ပတ်တယ်။ ၁ နှစ်ကို ဝမ်ပေါင်က တန်ချိန် ၁ သိန်း၊ ယန်စီက တန်ချိန် ၅ သောင်း သတ်မှတ်ထားတယ်။ ခုအခြေအနေအတိုင်းဆို တန်ချိန်ပြည့်မီအောင်လည်ပတ်နိုင်မယ်ဗျ။ အလုပ်သမားတွေအကုန်ပြန်မဝင်တော့ (လိုတဲ့အလုပ်သမားတွေအတွက်) နေ့စားဝန်ထမ်းတွေကို ၁ ရက် ၃၀,၀၀၀ (ကျပ်) ပေးပြီးခေါ်ခိုင်းနေတယ်” လို့ ၎င်းက ဆိုပါတယ်။

တရုတ်ကြေးနီထုတ်စီမံကိန်းကုမ္ပဏီတွေထံ အလုပ်ပြန်ဝင်ကြတဲ့ဝန်ထမ်းအများစုဟာ ယင်းမာပင်ခရိုင်ဒေသခံအများအပြားပါဝင်နေတာကြောင့် တရုတ်နဲ့ စစ်ကောင်စီအတွက် အကြိုက်တွေ့စေတဲ့ အခင်းအကျင်းဖြစ်စေတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဝမ်ပေါင်ကြေးနီစီမံကိန်းအကျိုးအမြတ်ခံစားခွင့်တွေအရ အစိုးရ ၅၁ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း စစ်တပ်ပိုင်ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ရရှိပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက အစိုးရရဲ့ ၅၁ ရာခိုင်နှုန်းကိုပါ ချုပ်ကိုင်ထားတဲ့အတွက် အကျိုးအမြတ်အားလုံးရဲ့ ၇၀% ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် စံပယ်တောင်နဲ့ကြေးစင်တောင်စီမံကိန်းတွေအတွက် ဦးပိုင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းနဲ့ ယန်စီကုမ္ပဏီက ၄၉ ရာခိုင်နှုန်း နှစ်စဥ် ရရှိထားတာပါ။

ဆားလင်းကြီးဒေသခံတဦးကတော့ အခုလို တရုတ်ကြေးနီစီမံကိန်းစက်ရုံတွေလည်ပတ်မှုကနေ မူလအတိုင်းအကျိုးအမြတ်တွေပြန်လည်ရရှိလာတာဟာ ပြည်သူလူထုအတွက်စိုးရိမ်စရာဖြစ်ပြီး ကြေးပြားတွေလာရောက်သယ်ဆောင်တဲ့ကာလတွေမှာလည်း စစ်ကောင်စီတပ်ကစက်ရုံအနီးတဝိုက်နဲ့ ပုသိမ်-မုံရွာလမ်းဘေးကျေးရွာတွေကို စစ်ကြောင်းထိုးတာကြောင့် မကြာခဏစစ်ရှောင်ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။

” ဒေသခံတွေစိုးရိမ်တာကဗျာ ကုမ္ပဏီလည်ပတ်လို့ ကြေးပြားတွေများများရရင် စစ်ကောင်စီဝင်ငွေ ရပေါက်ရလမ်း များများစားစားရသွားမယ်။ နောက်ပြီးကျတော့ ဒီကြေးပြားတွေထုတ်လေလေ ကြေးပြားတွေသယ်ယူဖို့ လမ်းကြောင်းခင်းလေလေ ဒေသတွင်းကပြည်သူတွေဟာစစ်ဘေးရှောင်ရတဲ့ရက်တွေ၊ စစ်ကြောင်းထိုးခံရတဲ့ရက်တွေ များလေပေါ့ဗျာ”

စာတည်း- ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။