ပေါက်မြို့နယ်က ရေနံမှော်တွေရှိတဲ့နယ်သတ်ရွာ ဗုံးကြဲခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

0 47
0 47

ပေါက်၊ ဇူလိုင် ၁၆၊ ၂၀၂၅။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၅ ရက် မနေ့ညနေ ၄ နာရီခန့်မှာ နယ်သတ်ကျေးရွာကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စင်းပေါ်ကနေ ဗုံး ၁ လုံးကြဲချခဲ့ရာ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ပေါက်နယ်နဲ့ မြိုင်နယ်အစပ်တည့်တည့်ကရွာ၊ ရေနံမှော်တွေရှိတယ်။ ဘာတိုက်ပွဲမှမရှိ အကြောင်းမဲ့သပ်သပ်လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါ၊ ရွာအရှေ့ထိပ်က ၁ ဦးသေပြီး ၁ ဦးထိခိုက်ဒဏ်ရာရတယ်၊ နေအိမ် ၁ လုံးတော့ပျက်စီးတယ်။”လို့ဒေသခံတဦးကပြောပါတယ်။

နယ်သတ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း လေကြောင်းရန်ကို သတိပြုနေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့မေ ၂၄ ရက်ကလည်း နယ်သတ်ကျေးရွာနဲ့ ဆုံကုန်းကျေးရွာကြားအနီးတဝိုက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဥ် ၂ စီးနဲ့ မီးလောင်ဗုံး ၃ လုံးထက်မနည်းကြဲခဲ့တာကြောင့် နယ်သတ်ရွာက ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်အရမ်းမပြင်းထန်ကြဘဲ သတိထားပုန်းရှောင်ကြဖို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း (မြိုင်)မှ ထုတ်ပြန်သတိပေးထားပါတယ်။

ဇူလိုင် ၉ ရက် ည ၈ နာရီလောက်မှာ မြိုင်မြို့နယ်အနောက်မြောက်ခြမ်းက သနပ်ရင်းကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စင်းပေါ်ကနေ ပေါင်၃၀၀ ဗုံး ၂လုံး ကြဲချခဲ့ရာ အသက် ၄၀ ကျော် အမျိုးသား ၁ ဦးနဲ့ အသက် ၂ နှစ်အရွယ်ယေက်ျားလေး ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။