15 July 2025 8:35 PM

myaelatt athan

Sharing Information to the Local

⁨မင်းဘူးကကျေးရွာ ၂၀ မှာ လေကြောင်းနဲ့မြေမြှုပ်မိုင်းအန္တရာယ်အသိပညာပေးပြီး တော်လှန်ရေးရုပ်ရှင်တွေပြသ (ရုပ်/သံ)

မင်းဘူး၊ ဇူလိုင် ၁၅၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးမြို့နယ်က ကျေးရွာပေါင်း ၂၀ မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းအန္တရာယ်ကာကွယ်ရေး၊ မြေမြှုပ်မိုင်းနဲ့ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းအန္တရာယ်တွေနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောတာနဲ့ တော်လှန်ရေးရုပ်ရှင်ပြသတာတွေပြုလုပ်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ကပေးပို့တဲ့ ပြည်သူလူထုလေကြောင်းအန္တရာယ်၊ မိုင်းအန္တရာယ်အသိပညာပေး ရုပ်သံမှတ်တမ်းတွေနဲ့တကွ ဧပြီကနေ ဇူလိုင်လအထိ ကျေးရွာတွေမှာ ၁ ရွာကို ၁ ရက်ကြာ ရှင်းလင်းအသိပညာပေးဟောပြောတာတွေ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

” လေကြောင်းလာလို့ရှိရင် ကြိုတင်ကာကွယ်ပြုလုပ်နိုင်တဲ့အရာတွေ ကြိုတင်ပြင်ဆင်ရမဲ့အရာတွေ ပြီးရင်ဗုံးခိုကျင်းနဲ့ပတ်သက်တာတွေ အဓိကထားပြီး ရုပ်သံမှတ်တမ်းပြသတာမျိုးတွေ ကျနော်တို့ဘက်က ဟောပြောဆောင်ရွက်တာမျိုးတွေပြုလုပ်ခဲ့ပါတယ်။ မိုင်းနဲ့ပတ်သက်လို့ကတော့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပြီးလို့ရှိရင် တိုက်ပွဲဖြစ်ပြီးသားနေရာတွေ အသွားအလာမပြုလုပ်ဖို့နဲ့ စစ်လက်နက်လက်ကျန်ပစ္စည်းတွေ တွေ့ရှိရင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေ အကြောင်းကြားဖို့ မိုင်းနဲ့ပတ်သက်ရင်လည်း ဒေသအတွင်း မိုင်းထောင်ထားတဲ့နေရာတွေ၊ သတ်မှတ်ထားတဲ့နေရာတွေကို မသွားလာဖို့ပါ၊ ကျနော်တို့ဘက်ကို မချိတ်ဆက်ပဲ တောင်ယာစိုက်ပျိုးတာမျိုး လမ်းဟောင်းတွေ အသုံးပြုသွားလာတာမျိုး မလုပ်အောင် အဓိကထားဟောပြောခဲ့တာ” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

အသိပညာပေးဟောပြောမှုတွေအပြင် ကျေးရွာပြည်သူတွေကို နိုင်ငံတကာမှာပြသနေတဲ့ တော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတိုတွေကိုလည်း ပြသခဲ့တယ်လို့ ဆိုပါတယ်။

” တော်လှန်ရေးမှတ်တမ်းရုပ်ရှင်ဆိုတာ ကျနော်တို့အခုလက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUGဘက်ကနေပြီးတော့ ကိုပေါက်(ဒါရိုက်တာ)တို့ရိုက်ထားတဲ့ ဇာတ်လမ်းအတိုလေးတွေ အများအပြားပါတယ်၊ “သစ္စာ”၊ “မသောက်မိသောမိုးခါးရေ” စတဲ့ နိုင်ငံတကာမှာပြသနေတဲ့ ဇာတ်လမ်းတိုလေးတွေကို ပြသခဲ့တာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကိုအဓိကပစ်မှတ်ထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ ကြိုတင်ရှောင်ရှားနိုင်ရန် အခုလို ဟောပြောအသိပညာပေးတာတွေပြုလုပ်ရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။