myaelatt athan

Sharing Information to the Local

၉ လကျော်ကြာ အရေးမယူနိုင်သေးတဲ့ PDF ရဲမေအပေါ် လိင်အကြမ်းဖက်မှု (သတင်းဆောင်းပါး)

1
1

မြေလတ်အသံ၊ ဇွန် ၁၇၊ ၂၀၂၅။

၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ မထက်ထက်* ရဲ့အသက်က ၁၆ နှစ်ပါ။ ဆယ်ကျော်သက်လူငယ်တဦးဖြစ်တဲ့ သူမဟာ မတရားမှုကိုဆန့်ကျင်တဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေထဲမှာ ပါဝင်လာခဲ့ပြီး သင်ကြားဆဲ ဆယ်တန်းပညာရေးကိုရပ်နားလိုက်ကာ ဆန္ဒပြပွဲတွေမှာလည်းပါဝင်ခဲ့ပါတယ်။

အဲ့ဒီလို အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒပြလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့လို့ ၂၀၂၁ ရဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ လုံခြုံရေးအခြေအနေတွေကြောင့် နေရပ်ကနေ တခြားဒေသတခုကို ရွှေ့ပြောင်းနေထိုင်ခဲ့ရပါတယ်။

မတရားမှုတွေကို တော်လှန်ချင်တဲ့စိတ်ပြင်းပြနေတဲ့ မထက်ထက်ဟာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လိုပေမယ့် မိဘတွေရဲ့ တားမြစ်မှုကြောင့်တကြောင်း၊ စစ်မှုထမ်းဖို့ အသက်အရွယ်မပြည့်သေးတာတွေကြောင့် ၂ နှစ်နီးပါး စောင့်ဆိုင်းခဲ့ရတဲ့အချိန်အတွင်းမှာပဲ သူနာပြုသင်တန်းတွေကို ကြိုးစားတက်ရောက် သင်ယူခဲ့ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးလုပ်ဆောင်နေတဲ့ အကိုဝမ်းကွဲကို တော်လှန်ရေးထဲမှာ ပါဝင်လိုကြောင်း မကြာခဏ ပူဆာလေ့ရှိတဲ့အတွက် အကိုဝမ်းကွဲရဲ့ အကူအညီနဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းမှာပဲ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ (TTA ပြောက်ကျားတပ်ဖွဲ့)ကို ရောက်ရှိလာပြီး သူမသင်ယူထားတဲ့ သူနာပြုအလုပ်ကြောင့် ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ်လို့ မထက်ထက်ကပြောပြပါတယ်။ အဲ့ဒီအချိန်မှာ သူ့အသက်ရဲ့ အသက်ဟာ ၁၈ နှစ်ပြည့်ရုံပဲရှိပါသေးတယ်။

ဆယ်ကျော်သက် လူငယ်တို့ဘာသာဘာဝအတိုင်း ဘဝလက်တွဲဖေါ်အဖြစ်ရွေးချယ်ထားခဲ့သူရှိပြီး Social Media ပေါ်မှာ တရားဝင်ချစ်သူရှိကြောင်းဖော်ပြထားသလို တစုံတယောက်ရဲ့ ချစ်ရေးဆိုခြင်းများမရှိစေရန် နှုတ်အားဖြင့်လည်း ပြောပြထားခဲ့တယ်လို့ သူမက ပြောပါတယ်။

မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ခွဲ ၂ (TTA ပြောက်ကျားတပ်ဖွဲ့) ရဲ့ တဦးတည်းသော အမျိုးသမီးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေထိုင်ရင်း တိုက်ပွဲတွေမပြင်းထန်သေးတဲ့ ၂၀၂၄ ဧပြီလမှာ တာဝန်မှယာယီရပ်နားလိုက်ရပါတယ်။

“ပြည်သူကျွေးတဲ့ထမင်းကိုလည်း ညီမတနပ်လောက်မှ အလကားမစားချင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံလုံပဲ သွားချင်တယ်လေ။ အဲ့ဒီအတွက် မြေပြင်ဆေးတပ်မှာ လူရှိတယ် လုပ်တဲ့သူတွေလည်း ရှိကြတယ်။ မလိုအပ်တဲ့နေရာမှာ ညီမ မနေဘူး။ အဲ့ကိုရောက်ပြီးတော့ သင်တန်းတွေဘာတွေပေးပြီးတော့ ညီမပြန်သွားသေးတယ် ၅ လ လောက် ထောက်ပို့လုပ်မယ်ဆိုပြီး ပြန်သွားခဲ့တာ။ မြေပြင်မှာလည်း မလုပ်ရဘူးလေ၊ သင်တန်းတက်လိုက်၊ ပြောရမယ်ဆိုရင် ထိုင်စားသဘောမျိုးလုပ်နေခဲ့ရတာ။ မနေချင်တော့လို့ ပြန်သွားလိုက်တာ။” လို့ မထက်ထက်ကပြောပါတယ်။

အဲ့ဒီနောက် ၅ လခန့်အကြာမှာ မြင်းခြံခရိုင်အတွင်း စစ်ဆင်ရေးတွေစတင်ဖော်ဆောင်ချိန် တာဝန်ပြန်ထမ်းဆောင်ဖို့ မထက်ထက်ကိုပြန်ခေါ်တာကြောင့် မိခင်တပ်ဖွဲ့ကိုပြန်လာခဲ့ပြီး တပ်ရင်းမရောက်မီ ပကဖဒုတာဝန်ခံရဲ့ ဇနီးနေအိမ်မှာ ယာယီနေထိုင်နေချိန်မှာ သူမ မထင်မှတ်ထားတဲ့အခြေအနေနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

အချိန်က ၂၀၂၄ စက်တင်ဘာ ၁၂ ရက်ရဲ့ ည ၁၀ နာရီဝန်းကျင် မိုးရွာထားပြီးကာစဖြစ်တာကြောင့် ရာသီဥတုကအုံ့မှိုင်းမှိုင်းဖြစ်နေချိန် စစ်ရှောင်အမျိုးသမီး ၂ ဦးနဲ့အတူ ညအိပ်ယာဝင်ဖို့ပြင်နေတဲ့ မထက်ထက်ဆီကို မက်ဆင်ဂျာကတဆင့် စာတစောင်ဝင်လာပါတယ်။

တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒုတာဝန်ခံဖြစ်သူက မထက်ထက်ရဲ့ ဦးလေးဖြစ်သူ တိုက်ပွဲမှာ ကျဆုံးသွားတာနဲ့ပတ်သက်ပြီး ပြောစရာရှိတယ်ဆိုကာ သူ့အိမ်ကိုလာတွေ့ဖို့ ခေါ်ဆိုတဲ့စာပါ။

ညအချိန်ဖြစ်တဲ့အတွက် မထက်ထက်တဦးတည်းသွားဖို့ ကြောက်စိတ်ဝင်ခဲ့ပေမယ့် တဖက်မှာလည်း လေးစားရတဲ့ဆရာကခေါ်တယ်ဆိုတဲ့စိတ်ကြောင့် မလွှဲသာတဲ့အဆုံး ပကဖ ဒုတာဝန်ခံ ဦးသံလွင်နေထိုင်တဲ့ အိမ်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။

“အဲ့ဒီအချိန်မှာ သူကစကားပြောမယ်ဆိုတော့ ကြောက်တာတော့အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူချိန်းတဲ့အချိန်က အဆင်မပြေဘူးလေ။ ပြီးတော့ ၂ ယောက်တည်းစကားပြောမယ်ဆိုတော့လည်း သူ့အမျိုးသမီးအနေနဲ့ ဘယ်လိုပြောမလဲ တွေးမိတဲ့အချိန်မှာ ဒါပေမယ့် ကိုယ်လေးစားရတဲ့သူက ဒီလိုလည်းမလုပ်လောက်ဘူး၊ ကိုယ့်မိဘတွေနဲ့လည်း သိနေပြီ ကိုယ့်အကိုတွေနဲ့လည်း သိနေပြီဆိုတော့ ဒီလိုတော့မလုပ်လောက်ပါဘူးဆိုပြီးတော့ ယုံပြီး သွားခဲ့တာပေါ့။” လို့ မထက်ထက်က ပြောပါတယ်။

သူမနေထိုင်တဲ့နေရာနဲ့ ဦးသံလွင်ရဲ့တဲအိမ်ဟာ ခြံဝိုင်းတခုထဲမှာပဲရှိပြီး ၁၀ ပေဝန်းကျင်သာ ကွာဝေးတာကြောင့်ဖြစ်သလို တော်လှန်ရေးလုပ်နေတဲ့ အကိုဖြစ်သူတွေနဲ့ရင်းနှီးမှုရှိရုံမက မထက်ထက်ရဲ့ မိဘတွေကိုယ်တိုင်လည်း စောင့်ရှောက်ပေးဖို့ အပ်နှံထားသူတဦးဖြစ်တာကြောင့် လုံခြုံမှုပေးမယ်အထင်နဲ့ သွားခဲ့လိုက်တယ်လို့ ဆိုပါတယ်။

“ပါးစပ်ကိုပိတ်ပြီးချုပ်ထားတာကြောင့် ရုန်းကန်ပေမယ့် ပတ်ဝန်းကျင်ကမကြားဘဲ အကူအညီမဲ့ခဲ့ရတယ်“ လို့ မထက်ထက်က ၎င်းကြုံတွေ့ရမှုကို ပြန်ပြောပြပါတယ်။

ဦးသံလွင်ရဲ့အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့ထိုဖြစ်စဉ်ဟာ မန္တလေးတိုင်း၊ တောင်သာမြို့ နယ်၊ ကျေးရွာတခု (လုံခြုံရေးအရ ရွာနာမည် မဖော်ပြထားပါ)ရှိ မြို့နယ်ပကဖဒုတာဝန်ခံ ဦးသံလွင်ရဲ့ဇနီး နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။

“ဖြစ်တဲ့နေရာက သူ့မိန်းမအိမ်ရဲ့အရှေ့ဘက်မှာ။ ခါတိုင်းဆို ကျမတို့က သူ့အမျိုးသမီးကော စစ်ရှောင်တွေကော တပြေးတည်းအိပ်ရတာ။ အဲ့နေ့က ကိုသံလွင်ပြန်လာလို့ဆိုပြီး မသင့်တော်လို့ နဂိုနေတဲ့အိမ်အရှေ့ဘက်မှာ အိမ်အလွတ်ရှိတယ်။ အဲဒီမှာကျမတို့ အမျိုးသမီး လူလွတ် ၂ ယောက်နဲ့(အတူ) ၃ ယောက် သွားအိပ်တယ်။ ကျမမှာလည်း ရည်ရွယ်ထားသူရှိပါတယ်။ အဲဒါကို ကျမအပေါ် ဒီလိုမျိုးလုပ်တာ” လို့ ယင်းအဖြစ်အပျက်မဖြစ်ပွားမီ အခြေအနေကို ရှင်းပြပါတယ်။

မထက်ထက်ကို အဓမ္မပြုကျင့်ခံရချိန်မှာ သူမရဲ့အသက်ဟာ ၁၉ နှစ်ကျော်ဖြစ်ပြီး၊ တာဝန်ထမ်းဆောင်ဖို့ ဒုတိယအကြိမ် မိခင်တပ်ရင်းကို ပြန်လာတဲ့အချိန်၊ ဆက်သွယ်ရေးအခက်အခဲတွေကြုံတွေ့ခဲ့ရချိန်မှာ ကျူးလွန်ခံခဲ့ရတာဖြစ်ပါတယ်။

“အရင်ရက်က ညီမဦးလေးကျတယ်ဆိုပြီး ကြားတယ်။ ကျမကလည်းတခြားကနေ ပြန်လာတာမကြာသေးတော့ မြေပြင်လိုင်းကလည်းမရတော့ အိမ်နဲ့အဆက် အသွယ်မရဖြစ်နေတော့ ပြောစရာရှိတယ်ဆိုလို့ သွားခဲ့လိုက်တယ်။ အဲဒီမှာဖြစ်သွားတာ။ အလိုမတူဘဲ ဖြစ်သွားတာ။ သူနဲ့ ညီမကြားမှာ ဆရာတပည့် ကဏ္ဍပဲရှိတယ်။ သူလည်း သမီးကို ရိသဲ့သဲ့လည်းမပြောဘူး၊ ညီမလည်းသူ့ကို ဆရာလိုမျိုးပဲ သဘောထားတယ်။ ကိုယ့်ဦးလေးလို၊ ကိုယ့်အကိုအရင်းလို သဘောထားခဲ့တာပေါ့နော်။” လို့ မထက်ထက်က ပြောပါတယ်။

အခင်းဖြစ်ပြီးနောက်နေ့ စက်တင်ဘာ ၁၃ ရက်မှာ TTA ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၂ မှ မိမိအစီအစဉ်နဲ့ပြောင်းရွှေ့ခဲ့ပြီး မြင်းခြံပကဖလက်အောက်မှာ ယာယီခိုလှုံခဲ့ကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရမှုအပေါ် ယင်းနေ့မှာပဲ တောင်သာမြို့နယ်ပကဖနဲ့ ပလဖအဖွဲ့၊ အဲ့ဒီလထဲမှာပဲ မန္တလေးတိုင်းပကဖ၊ NUG လူ့အခွင့်အရေးဝန်ကြီးဌာန၊ အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနတွေကို ရှေ့ဆင့်နောက်ဆင့် စာပေးပို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

“ပကဖ(တာဝန်ခံ)ဦးကြည်စိုးကို တိုင်ကြားခဲ့တယ်။ တိုင်ကြားပြီးတော့ အရင်ဆုံး ဦးကြည်စိုးက ဖုန်းနဲ့ပဲအရင်ပြောတယ်။ ၅ ရက်မြောက်နေ့မှာ ညီမဆီကို ပကဖ ဦးကြည်စိုးရယ်၊ ပလဖရယ်၊ တောင်သာမြို့နယ်က ဦးဇင်းရယ် အမှုမဖွင့်ဖို့ ဘယ်သူကိုမှမပြောဖို့ ညီမကိုတောင်းဆိုတယ်။ အမှုဖွင့်မယ်ပြောတော့ အခုကြားကာလမှာ အမှုဖွင့်လို့လည်းမရဘူးဆိုပြီး သူတို့ပြောတယ်။ တော်လှန်ရေးကိုလည်း ရှေးရှုဖို့ ပြောတယ်။ အခုတော့ စာချုပ်နဲ့လုပ်ထားမယ်။ တော်လှန်ရေးပြီးရင် သူကိုယ်တိုင် အမှုဖွင့်ပေးမယ်ဆိုပြီး ပြောသွားတယ်။ ဘာစာချုပ်မှတော့ အခုထိညီမဆီ ရောက်မလာဘူး” လို့ မထက်ထက်က ဆက်ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် မထက်ထက်ကို ပကဖဒုတာဝန်ခံကိုသံလွင်နဲ့ ၎င်းရဲ့ဇနီးဖြစ်သူ အမျိုးသမီးတို့က ဖုန်းနဲ့နှောင့်ယှက်ပြောဆိုတာ၊ တိုင်တန်းတာတွေမလုပ်ဖို့ ဖိအားပေးပြောဆိုတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆင့်ဆင့်တိုင်ကြားမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ ၁ ရက်မှာ အမျိုးသမီး ၂ ဦးအပါ အဖွဲ့ဝင် ၆ ဦးပါဝင်တဲ့ မန္တလေးတိုင်းပကဖ စုံစမ်းစစ်ဆေးရေးအဖွဲ့က မထက်ထက်ကို အွန်လိုင်းဗီဒီယိုကောကတဆင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁ နာရီခန့်ကြာ မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းစစ်ဆေးမှုမတိုင်မီမှာ တောင်သာပကဖဒုတာဝန်ခံကို ယာယီထိန်းသိမ်းထားကြောင်း မန္တလေးတိုင်းပကဖကပြောဆိုပေမယ့် လက်ရှိမှာ ၎င်းဒုတာဝန်ခံက တောင်သာမြို့နယ်အတွင်းမှာ ပြန်လည်ရောက်ရှိနေပြီး မူလရာထူးအတိုင်းပဲ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

“ညီမကို စစ်ဆေးရေးတကြိမ်လုပ်တယ်။ ကိုနိုင်းနိုင်းတို့ မန်းတိုင်းက လူကြီးတွေပါတယ်။ ကိုသံလွင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောတယ်။ ပြစ်မှုကျူးလွန်ကြောင်းလည်း သက်သေတွေက ထင်ရှားတယ်။ ကိုသံလွင်ကို ထိန်းသိမ်းထားတယ်ပြောပေမယ့် ထွက်ပြေးလာသလား၊ လွှတ်ပေးလိုက်တာလားမသိရဘူး၊ အခုတောင်သာပကဖမှာ တာဝန်ထမ်းဆောင်နေတာ သိရတယ်။”လို့ မထက်ထက်က ပြောပါတယ်။

ဖြစ်စဉ်အပေါ် ယင်းတကြိမ်သာ မထက်ထက်ကို အွန်လိုင်းကနေ စစ်ဆေးမှုရှိခဲ့ပြီး လက်ရှိအထိ အမှုအခြေအနေနဲ့ပတ်သက်လို့ သတင်းတစုံတရာ မသိရှိရတော့ဘူးလို့ ဆိုပါတယ်။

မထက်ထက်ဖြစ်စဥ်ကို ကူညီပေးနေသူတဦးကတော့ အဆိုပါအမှုကို တောင်သာမြို့နယ်ပလဖထံ ဇန်နဝါရီလအတွင်းက ထပ်မံတိုင်ကြားထားပြီး တိုင်ကြားမှုကို ပလဖကလက်ခံခဲ့ပေမယ့် ဆက်လက်ဆောင်ရွက်နေတဲ့ အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

“ပကဖတိုင်တော့ အရေးယူပေးလို့မရဘူးဆိုတော့ တောင်သာမှာ ပလဖရှိပြီဆိုတော့ ပလဖကို တိုင်ချက်ဖွင့်တာ။ တိုင်စာကို ရဲစခန်းတိုင်သလိုတိုင်တာ။ တိုင်စာကိုတော့ ပလဖရုံးမှာပဲ သွားဖွင့်တာ၊ ရုံးတာဝန်ရှိသူတွေ လက်ခံခဲ့တယ်။ ကျနော်တို့ကို မေလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ စစ်တာ။ မစစ်ခင်က သံလွင်ကိုဖမ်းတယ်။ စစ်ပြီးတော့ ပြန်လွတ်လာတယ်”လို့ မထက်ထက်ဖြစ်စဥ်ကို ကူညီပေးနေသူက ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုသိရှိနိုင်ဖို့ တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ကို မြေလတ်အသံက ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေ ကြားခြင်း မရှိပါဘူး။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး တောင်သာပကဖတာဝန်ခံ ဦးကြည်စိုးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှန်ကန်ကြောင်းနဲ့ လတ်တလောမှာတောင်သာမြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် တရားစီရင်နိုင်တဲ့အဖွဲ့အစည်းမရှိသေးတာကြောင့် အခုလိုကိစ္စရပ်တွေအပေါ် အရေးယူနိုင်ဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးကာလမှာဖြစ်နေလို့ ဆိုင်းငံ့ပေးဖို့တင်ပြထားတယ်။ သူကတော်လှန်ရေးမှာ စစ်သားကောင်းတယောက်။ လက်ရှိတော့ တာဝန်ထမ်းဆောင်ဆဲပါ။ သံလွင်ကိုလည်း (မန္တလေး) တိုင်းက ခေါ်ယူစစ်ဆေးပါတယ်။ စစ်ဆေးခံပြီးတော့ ပြန်လာတဲ့သဘောပါ။ တရားဥပဒေစိုးမိုးတဲ့အချိန်ကျရင်တော့ တရားစီရင်ခံရမှာပါ။ သူ့ဘက်ကလည်း မငြင်းပါဘူး၊ သူလည်းဝန်ခံထားတယ်။” လို့ တောင်သာမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။

၎င်းအမှုအပေါ် တောင်သာပကဖဒုတာဝန်ခံအနေနဲ့ အပြည့်အဝတာဝန်ယူရမှာဖြစ်တယ်လို့လည်း အထက်ပါပကဖတာဝန်ခံက ဆက်ပြောပါတယ်။

“ဒုတာဝန်ခံမှာ အပြစ်ရှိတယ်။ တာဝန်ရှိတယ်။ ကျနော်လက်ခံတယ်။ နောက်ပိုင်းကာလမှာ တကျွန်းတက်ရတက်ရ၊ ကြိုးတက်ရတက်ရ ကျနော်ရဲ့ ဒုတာဝန်ခံကလည်းပြောတယ်။ ကြိုက်တဲ့ပုံစဲနဲ့စွဲ။ တော်လှန်ရေးအတွင်းမှာတော့မနေနိုင်ဘူး အချုပ်နှောင်နဲ့၊ တော်လှန်ရေးပြီးသွားရင်တော့လုပ်ကြပါ။ လာခဲ့ကြပါ ကျနော်လည်းတာဝန်ယူတယ်” လို့ ဆိုပါတယ်။

မြေလတ်အသံက ကြည့်ရှုခွင့်ရတဲ့ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ထံ ပကဖအဖွဲ့ တင်ပြထားတဲ့ စာအရ ကာမကိစ္စကျူးလွန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တောင်သာပကဖဒုတာဝန်ခံ ကိုသံလွင်ဟာ တောင်သာနယ်မြေစိုးမိုးနိုင်ရေးတိုက်ပွဲတွေအတွင်း အရေးပါတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်တာကြောင့် ပြစ်မှုဆိုင်ရာများကို အချိန်တခုထိဆိုင်းငံ့ပေးရန်ဆိုကာ မေလ ၄ ရက်စွဲနဲ့ ရေးသားဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအပေါ် ထပ်မံသိရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ – NUG သတင်းထုတ်ပြန်ရေးအဖွဲ့ကတဆင့် ပြည်ထဲရေး (MOHAI) နဲ့ ကာကွယ်ရေး(MOD)ဝန်ကြီးဌာနတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သက်ဆိုင်ရာဌာနတာဝန်ရှိသူတွေအနေနဲ့ မြေပြင်မှာရောက်ရှိနေပြီး ဖုန်း၊အင်တာနက်အခက်အခဲကြောင့် လတ်တလောဆက်သွယ်လို့မရသေးကြောင်း ပြောပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့အတွင်းမှာ ဖြစ်ပွားခဲ့တာကြောင့် NUG အစိုးရရဲ့ တရားစီရင်ရေးယန္တရားကို မေးခွန်းထုတ်စရာရှိနေပြီဖြစ်ပြီး ကျူးလွန်တဲ့သူကလည်း တော်လှန်ရေးထဲက တပ်သားတယောက်၊ မြို့နယ်အဆင့်တာဝန်ရှိသူ တယောက်ဖြစ်ကာ အစိုးရတရပ်အနေနဲ့ ပြစ်မှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် ထိုက်သင့်တဲ့ အပြစ်ပေး၊ အရေးယူဆောင်ရွက်မှုကို ချက်ချင်းလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ မလုပ်ဆောင်နိုင်ခဲ့ရင် ပြည်သူလူထုအတွက် တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးမှုဟာ မေးခွန်းထုတ်စရာရှိလာပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှုး(၁) မဝေဝေက မြေလတ်အသံကိုပြောပါတယ်။

“ဒီလိုဖြစ်စဉ်မျိုးက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့အတူ စစ်ရာဇဝတ်မှုလည်းဖြစ်တယ်။ ဒီလိုကျူးလွန်တဲ့သူကို ပြစ်ဒဏ်ဆိုင်းငံ့ထားတာဟာ လုံးဝမဖြစ်သင့်မဖြစ်ထိုက်တဲ့အရာလို့ ပြောချင်ပါတယ်။” လို့ မဝေဝေက ပြောပါတယ်။

အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ တော်လှန်ရေးတပ်သား (မည်သည့်အဆင့်တွင်မဆို)၊ တပ်သားအဆင့်ကနေ အရာရှိအဆင့်၊ အမိန့်ပေးတဲ့သူအဆင့်ထိ မည်သူမဆို ကျူးလွန်ပါက အရေးယူဆောင်ရွက်ရမှာဖြစ်ပြီး၊ အထူးသဖြင့် ရာထူးတာဝန်ရှိတဲ့သူတွေအနေနဲ့ ပိုပြီးတော့ မကျူးလွန်သင့်ကြောင်းနဲ့ စောင့်ထိန်း၊ လိုက်နာရမယ့် ကျင့်ဝတ်တခုဖြစ်ကာ ကျူးလွန်သူကို တော်လှန်ရေးအကြောင်းပြပြီး အပြစ်မပေးခြင်းအပေါ် သူမကအခုလို့ ဆက်ပြောပါတယ်။

“ဒီလို တော်လှန်ရေးကာလမှာ တော်လှန်ရေးကိုလုပ်နေတဲ့သူတွေအနေနဲ့ ပြည်သူလူထုအကျိုးကို လုပ်ဆောင်နေတဲ့သူတွေအနေနဲ့ ပိုပြီးတော့ အလေးထားပြီး ဆင်ခြင်ရမယ့်အရာလည်းဖြစ်ပါတယ်။ ဒါကို အလေးမထားဘဲ အမျိုးသမီးတယောက်ကို မုဒိမ်းကျင့်တယ်။ ဒါကိုသက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေက သိသိလျက်နဲ့ လွှတ်ထားတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့အရာလည်းဖြစ်ပါတယ်။ အခုဖြစ်စဉ်ဟာ ပဋိပက္ခကာလအတွင်းကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ မုဒိမ်းမှုဖြစ်ပါတယ်။ တော်လှန်ရေးလုပ်နေလို့ဆိုပြီး တော်လှန်ရေးကာလမို့လို့ အပြစ်ပေးအရေးယူဆောင်ရွက်တာကိုမလုပ်ဘဲ ပြစ်ဒဏ်ဆိုင်းငံ့ထားလိုက်ခြင်းက မုဒိမ်းကျင့်ခွင့် လိုင်စင်ပေးလိုက်တာနဲ့ အတူတူပါပဲ” လို့ မဝေဝေက ပြောပါတယ်။

မထက်ထက်ဟာ လက်ရှိမှာ မြင်းခြံခရိုင်ပကဖလက်အောက်ကတဆင့် နောက်ထပ်ဒေသတွင်းတပ်ဖွဲ့တခုထံ ထပ်မံပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ဧပြီလကစတင်ကာ ကျန်းမာရေးအခြေအနေအရအပါအဝင် အခြားကိစ္စတွေကြောင့် တော်လှန်ရေးလုပ်ငန်းတွေကို ရပ်နားထားပါတယ်။

“တော်တော်လေးလည်း ခံပြင်းတယ်။ ကျမတို့က မတရားတာကို တော်လှန်ဖို့ရောက်လာသူပါ။ မတရားတာခံလိုက်ရတဲ့အချိန်မှာ တရားဥပဒေဆိုတာမရှိဘူးလား။ ဒီလိုလူတွေကို အပြစ်မပေးနိုင်ဘူးလား။ ဘယ်သူမှလည်း ဒီဟာကို မလုပ်ပေးနိုင်ဘူးလား။ တရားမျှတမှုတော့ လိုချင်ပါတယ်။ အခုထိလည်း ဆက်ရှာနေဆဲပါ”လို့ မထက်ထက်က ပြောပါတယ်။

* နစ်နာသူ၏ အမည်မှန်မဟုတ်ပါ။

1 comment

Pyae Phyo June 17, 2025 - 11:29 am

ဒီပဲယင်းမှာလည်းရှိပါတယ် မြို့နယ်ပကဖ တာဝ်ခံနှင့်အဖွဲ့ကို အခုချိန်ထိ အရေးမယူသေးပါဘူး တာဝ်ခံရာထူးကတော့ ရပ်ဆိုင်းထားပါတယ်

Reply

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။