မြေလတ်အသံ၊ ဧပြီ ၃၊ ၂၀၂၅။
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်ဒေသတွေဟာ အပြင်းထန်ဆုံး ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကိုင်းဟာ ငလျင်ဗဟိုချက်ဖြစ်တာကြောင့် အပြင်းထန်ဆုံးငလျင်ဒဏ်ခံရတဲ့ ဒေသဖြစ်နိုင်ပါတယ်။ သူ့ထက်လူနေမှုထူထပ်ပြီး မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်လို့သတ်မှတ်ခံရတဲ့ မန္တလေးကတော့ လတ်တလောလူမှုကွန်ယက်စာမျက်နှာတွေမှာ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရ ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးလို့ ပြောလို့ရပါတယ်။ နေပြည်တော်ကတော့ စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ဖြစ်တာကြောင့်ရော ဌာနဆိုင်ရာပေါင်းစုံတွေရဲ့ ရုံးစိုက်ရာမြို့ဖြစ်လို့ ပျက်စီးဆုံးရှုံးမှုအချက်အလက်တွေဟာ စစ်ကောင်စီခွင့်ပြုသလောက် ရိုက်ကူးခွင့်ရတဲ့ မီဒီယာတချို့နဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ပုံတွေ၊ ရုပ်သံမှတ်တမ်းအနည်းအပါးလောက်သာ မြင်တွေ့ခဲ့ရပါတယ်။
မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးစံအရ သဘာဝဘေးအန္တရာယ်ကျရောက်ပြီးပြီဆိုရင် ပြည်သူမှပြည်သူသို့ အကူအညီပေးရမယ်ဆိုတဲ့အသိဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီ (မဆလ) တပါတီအာဏာရှင်လက်ထက်ကတည်းကနေ နဝတ၊ နအဖ စစ်အစိုးရအပြင် NLD အစိုးရလက်ထက်အထိ အလိုလိုသိနေကြတဲ့ အသိတရားကြောင့် သဘာဝဘေးဖြစ်ပြီဆိုရင် အင်တိုက်အားတိုက် ကူညီပေးလေ့ရှိပါတယ်။
မြန်မာလူမျိုးတွေရဲ့ ကူညီပေးတတ်တဲ့ အဲ့ဒီလိုကောင်းမွန်တဲ့ အလေ့အထတွေကြောင့်ပဲ ဒီလိုသဘာဝဘေးအန္တရာယ်ကျရောက်ပြီးပြီဆိုတာနဲ့ ဒုက္ခရောက်သူတွေနဲ့ ရောယောင်ပြီး အခွင့်အရေးကို လက်တဆုံးနှိုက်တတ်တဲ့ လူတန်းစားဟာလည်း နေရာဒေသအသီးသီးမှာ ထွက်ပေါ်လာလေ့ရှိပါတယ်။
မတ်လ ၃၀ ရက်နေ့လောက်ကစပြီး မန္တလေးမြို့က ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေဆီကို အနီးအနားဝန်းကျင်ကပြည်သူတွေက စားစရာနဲ့သောက်ရေတချို့ကို လာရောက်ကူညီပေးနေတာ မြင်တွေ့ခဲ့ရပြီး သိပ်မကြာခင်မှာပဲ မလိုအပ်ဘဲတောင်းယူထားတဲ့ ဖော့ဗူးအဖြူနဲ့ထုပ်ထားတဲ့ ထမင်းဗူးတွေ ပစ်ထားတဲ့ပုံတွေ၊ လာရောက်လှူတဲ့နေရာတွေမှာ ငလျင်ဘေးသင့်သူတွေအပြင် အခြားမသက်ဆိုင်သူတွေကပါ ကားပေါ်တက်ပြီး ပစ္စည်းတွေလုယက်နေတဲ့ ရုပ်သံဖိုင်တွေ မြင်တွေ့လိုက်ရတော့ အတော်စိတ်မကောင်းဖြစ်ရပါတယ်။
ဘာကိုစိတ်မကောင်းဖြစ်ရတာလည်းဆိုတော့ အခုလို ခက်ခဲနေတဲ့ကာလကြီးမှာ ကိုယ်ချင်းစာတရားအပြည့်ထားပြီး ကိုယ့်ချွေးနှဲစာထဲကနေ ထည့်ဝင်လိုက်တဲ့ငွေကြေးတွေဟာ တကယ်ဒုက္ခရောက်သူတွေ လိုအပ်နေတဲ့သူတွေဆီမရောက်ဘဲ အခွင့်အရေးသမားအချောင်သမားတွေရဲ့ လက်ထဲရောက်ကုန်တာကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ဒီလိုကိစ္စမျိုးက အခုမှဖြစ်တာလားဆိုတော့ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့နှစ် ရေဘေးဒုက္ခကြုံရတုန်းကလည်း ဖြစ်ခဲ့ဖူးတဲ့မှတ်တမ်းတွေရှိပါတယ်။ ကိုယ့်ရပ်ရွာကို ဆန်လာလှူတဲ့ အလှူရှင်တွေဆီက ဆန် ၁ အိတ်ကို ၇ သောင်းတောင်းတဲ့ ဒေသခံတွေရဲ့ ရုပ်သံမှတ်တမ်းတွေ၊ တခြားရွာက မျောလာတဲ့ ကျွဲနွားတွေကို ဆယ်ထားပြီး လေး၊ ငါးသိန်းပေးရွေးခိုင်းတဲ့ ဒေသခံတွေရဲ့ ရုပ်သံဖိုင်တွေဟာ လူမှုကွန်ယက်စာမျက်နှာမှာ မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒါအပြင် NLD အစိုးရလက်ထက် ဧရာဝတီမြစ်ဘေးက မြို့ကြီးတွေမှာ ရေကြီးတုန်းကလည်း လာလှူတဲ့အလှူရှင်တွေကို ဒေသခံတွေက ၁ ရက်ကို ငါးသောင်းကျပ်နဲ့ လှေအငှားလိုက်တဲ့ သူတွေကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရဖူးပါတယ်။
ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်ကြုံတိုင်းမှာ ဒီလိုအဖြစ်အပျက်တွေကို တွေ့ရှိခဲ့ရတာပါ။ ဒီလိုဖြစ်ရပ်တွေကြောင့် အချောင်သမားတွေရဲ့ လုပ်ရပ်ကိုကြည့်ပြီး အလှူရှင်တွေ စိတ်ပျက်အားလျော့သွားမှာကို စိုးရိမ်မိပါတယ်။ အခုလိုမကောင်းတဲ့ လူနည်းစုရဲ့လုပ်ရပ်ကိုကြည့်ပြီး အကူအညီပေးသူတွေ ဆက်ပြီးကူညီချင်စိတ်ပျောက်သွားရင် အတိဒုက္ခရောက်တဲ့လူအများစုနစ်နာရမှာပါ။
ကျနော်တို့လူ့အဖွဲ့အစည်းက ဒီလိုလုပ်ရပ်တွေကို အခုတော်လှန်ရေးနဲ့အတူ တွန်းလှန်ဖို့လိုပါတယ်။
နံပါတ် (၁) အနေနဲ့ ကိုယ့်ရဲ့ချွေးနှဲစာအလှူငွေတွေကို တွေ့ကရာအဖွဲ့တွေ(ကိုယ့်မသိတဲ့အဖွဲ့)နဲ့ ငွေကြေးစီမံခန့်ခွဲမှု စနစ်တကျမရှိတဲ့ နာမည်ကြီးဆယ်လီဆိုသူတွေဆီကိုလှူတာမျိုး ရှောင်ကျဥ်သင့်ပါတယ်။
နံပါတ် (၂) အနေနဲ့ အကူအညီပေးမယ့် ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးနဲ့ ပစ္စည်းတွေကို လိုအပ်နေသူတွေဆီကို စနစ်တကျသွားရောက်ကူညီနိုင်မယ့် အဖွဲ့အစည်းမျိုးတွေဆီကို လှူစေချင်ပါတယ်။
နံပါတ် (၃) ကတော့ အကူအညီလိုအပ်နေသူတွေဟာ ကိုယ့်လမ်းသူလမ်းသား၊ ရပ်ကွက်သူရပ်ကွက်သား စာရင်းပြုစုပြီး လာရောက်ကူညီသူတွေကို စာရင်းပေးတာမျိုးလုပ်ထားသင့်ပါတယ်။ အဲ့လိုလုပ်ထားခြင်းအားဖြင့် မသမာသူ အချောင်သမားတွေရဲ့ ရန်ကနေကာကွယ်နိုင်မှာဖြစ်ပါတယ်။ အတင်းအဓမ္မ ဝင်ရောက်လုယက်တာမျိုးလုပ်လာရင်လည်း လမ်းသူလမ်းသား၊ ရပ်ကွက်သူရပ်ကွက်သားတွေက ဝိုင်းဝန်းပြီး တားမြစ်သင့်ပါတယ်။
နံပါတ် (၄) အချက်ကတော့ မကြာခင်ရောက်လာတော့မယ့် နိုင်ငံတကာအကူအညီတွေဟာ တကယ်လိုအပ်နေသူတွေလက်ထဲကိုရောက်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးသလို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ရှေ့မှာ မြန်မာနိုင်ငံသားတွေရဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အထင်သေးခံရမယ့် ဖြစ်ရပ်တွေကို ရှောင်ရှားနိုင်ရေး ကြိုတင်ပြင်ဆင်ဖို့ အရေးကြီးပါတယ်။
အဓိကပြောချင်တာကတော့ လက်ရှိပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသား အလှူရှင်တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်က လူတချို့ရဲ့ အကျင့်ပျက်မှုတွေကိုကြည့်ပြီး စိတ်ပျက်ကာ ကူညီနေမှုတွေကို လျော့မသွားစေချင်ပါဘူး။ အခုလို အာဏာရှင်စနစ်ဆိုးကြီးအောက်မှာ အသက်ရှင်ကျန်နေရစ်သူတွေအတွက် အင်မတန်ခက်ခဲနေတဲ့ကာလကိုဖြတ်သန်းနေရတဲ့အချိန်မှာ ဒုက္ခရောက်နေတဲ့ ကျနော်တို့ရဲ့ ညီအကိုမောင်နှမတွေအတွက် ၂ ဆပိုပြီး ကူညီပေးဖို့လိုအပ်ပါတယ်။
နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ သတင်းအချက်အလက်မရရှိသလို အဖွဲ့အစည်းတွေသွားရောက်ကူညီဖို့ ခက်ခဲနေတဲ့ စစ်ရှောင်ရင်း ငလျင်ဒဏ်ခံနေရတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေကိုလည်း ပိုပြီးကူညီပေးကြဖို့ အထူးလိုအပ်နေတယ်ဆိုတာကို မမေ့ကြဖို့ တိုက်တွန်းလိုပါတယ်။