မြေလတ်အသံ၊ မတ် ၁၉၊ ၂၀၂၆။
နှစ်ပေါင်း ၃၀ ကျော်ကြာအထိ ဒုတပ်ချုပ်တဦးတည်းက ပူးတွဲတာဝန်ယူထားရတဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးကို လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထံကနေ သူယုံကြည်ရတဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထံ အခုမတ်လအစောပိုင်းမှာပဲ လွှဲပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနဲ့ အခုနှစ်ဇန်နဝါရီလတွေမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ လွှတ်တော်မခေါ်မီ မတ်လဆန်းပိုင်းမှာ အဲ့ဒီရာထူးကို ဒုချုပ် စိုးဝင်းထံကနေ လွှဲပြောင်းပေးလိုက်တာပါ။
ဒုတပ်ချုပ် က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးကို ပူးတွဲတာဝန်ယူခဲ့တာဟာ ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရခေတ်က စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကာလတွေမှာ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး က အထက်ပါရာထူး ၂ ခုကို တာဝန်ယူခဲ့ကာ လက်ရှိ ဒုချုပ် စိုးဝင်း လက် ထက် အထိပါ။
စစ်အစိုးရခေတ်မှာပဲ ဗိုလ် သန်းရွှေ တီထွင်ခဲ့တဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ)ဆိုတဲ့ ရာထူးက တပ်ချုပ်နဲ့ ဒုတပ်ချုပ်ရဲ့နောက် စစ်တပ်နံပါတ် ၃ ဖြစ်လာခဲ့ပြီး အဲ့ဒီတုန်းက ဗိုလ်ချုပ်ကြီး သူရရွှေမန်း က တာဝန်ယူခဲ့တာပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်ပြီးနောက် ၂၀၁၅ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့ ညှိကွပ်ဖြစ်ခဲ့ကာ လက်ရှိက ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ပါ။
စစ်အစိုးရခေတ်ကနေ ပြီးခဲ့တဲ့မတ်လဆန်းပိုင်းအထိ မြန်မာစစ်တပ်အတွင်း ဒုတပ်ချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) စစ်တပ်နံပါတ် ၂ နဲ့ ၃ ရာထူး ၂ ခုအကြား အဆင့်လည်း မတူညီသလို အငြင်းပွားစရာလည်း မရှိခဲ့ပါဘူး။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးလွှဲပြောင်းပေးလိုက်ချိန်မှာတော့ ဒုတပ်ချုပ် တွဲကိုင်ခဲ့တဲ့ ကြည်းချုပ် ရာထူးဟာ ဒုတပ်ချုပ်အောက် နံပါတ် ၃ လား၊ မူလနံပါတ် ၃ ညှိကွပ် အောက် နံပါတ် ၄ လားဆိုတာ အငြင်းပွားစရာရှိလာပါတယ်။
သာမာန်အားဖြင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရာထူးဟာ ကာကွယ်ရေးဦးစီးချုပ်(ရေ)နဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ)ရာထူးတွေရဲ့အထက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း/ရေ/လေ) ရဲ့အောက် စစ်တပ်နံပါတ် ၄ လို့ နားလည်ရပါတယ်။ အဲ့ဒီရာထူးတွေအားလုံးဟာ ဗိုလ်ချုပ်ကြီးအဆင့်တွေဖြစ်ကြပေမယ့် စစ်အင်္ဂါစဥ်အရ ညှိကွပ်ရာထူးက နံပါတ် ၃ လို့ မှတ်ယူလို့ရပါတယ်။
ဒါပေမယ့် စစ်ကော်မရှင်ရဲ့သတင်းရုပ်သံထုတ်ပြန်ချက်တွေမှာ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကို ဒုတပ်ချုပ် စိုးဝင်းရဲ့နောက် တတိယဦးစားပေးဖော်ပြနေတာကိုတွေ့ရလို့ ကြည်းချုပ် ရာထူးက လက်ရှိ ညှိကွပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ထက် ပိုမြင့်နေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်တပ်ဖွဲ့စည်းပုံနဲ့ ရုံးလုပ်ငန်းလုပ်ထုံးလုပ်နည်းတွေအတွက် လက်အောက်တပ်ရင်း/တပ်ဖွဲ့တိုင်းကို ဖြန့်ဝေထားတဲ့ “ဦးစီးတာဝန်”စာအုပ်မှာလည်း ကြည်းချုပ်ရာထူးကို ဒုတပ်ချုပ်ရာထူးနဲ့သာ ပူးတွဲဖော်ပြထားပြီး အဆင့်သတ်မှတ်ချက်အနေနဲ့ သီးခြားဖော်ပြထားတာမျိုးမရှိဘူးလို့ မြန်မာစစ်တပ်အတွင်း နှစ် ၂၀ ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ CDM တပ်အရာရှိတဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်ချုပ် ကနေ အနားယူပြီး သမ္မတရာထူးရယူမယ့် အခင်းအကျင်းတွေဖော်ဆောင်နေတာတွေ့ရပြီး သူ့ရဲ့တပ်ချုပ်ရာထူးအတွက် လက်ရှိ ဒုချုပ် စိုးဝင်း၊ ကြည်းချုပ် ရဲဝင်းဦးနဲ့ ညှိကွပ် ကျော်စွာလင်း တို့ ဖြစ်လာနိုင်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။
တဖက်မှာလည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဟာ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) တိုးမြှင့်မရမီက စစ်ဘက်မှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အရာရှိချုပ်(စရခချုပ်) ၊ အခြားတဖက်မှာ စစ်ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်လုံခြုံရေးနဲ့အေးချမ်းသာယာရေးကော်မရှင်(စစ်ကော်မရှင်) မှာ အတွင်းရေးမှူးရာထူး ရယူထားတာပါ။
ဒါပေမယ့် အခုမတ်လထဲမှာပဲ စစ်ကော်မရှင်က ကြံ့ခိုင်ရေးပါတီအမတ်တွေအများအပြားနဲ့ လွှတ်တော် ၃ ရပ်စလုံးကို ပြန်လည်စတင်နေပြီး ဒီလကုန်မှာ စစ်ကော်မရှင်ကိုဖျက်သိမ်းပြီး ယူနီဖောင်းချွတ်အစိုးရသစ် ပေါ်လာမှာပါ။
စစ်ကော်မရှင်ကို ဖျက်သိမ်းချိန်မှာ ရဲဝင်းဦး အနေနဲ့ စရခချုပ် စစ်ဘက်ရာထူးတခုတည်းသာ ကျန်ရှိခဲ့မှာ ဖြစ်တာကြောင့် စစ်ခေါင်းဆောင် က သူယုံကြည်ရတဲ့ ရဲဝင်းဦး ကို တပ်ချုပ်အဖြစ်ထားရှိလိုလို့ စရခချုပ် ရာထူးထက်တဆင့်မြင့်တဲ့ အခြားဗိုလ်ချုပ်ကြီး ၃ ဦးနဲ့ အဆင့်အတန်းမကွာတဲ့ ဒုချုပ်တွဲကိုင်ရတဲ့ ကြည်းချုပ် ရာထူးကို ယာယီခန့်အပ်ခဲ့တာလို့လည်း သုံးသပ်ရနိုင်ပါတယ်။
ဒါကြောင့် ရဲဝင်းဦး ကို တပ်ချုပ် နေရာပေးချင်တာကြောင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးကို ယာယီအနေနဲ့ ခွဲပေးခဲ့တာလား၊ ဒီရာထူးကို နောက်ထပ်ဖြစ်လာမယ့် ဒုတပ်ချုပ်ကပဲ ပြန်လည်ပူးတွဲရယူသွားမလား။ နောင်ကာလတွေအထိ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးက သီးခြားထားရှိမလား စောင့်ကြည့်ရမှာပါ။
အကယ်၍ ကြည်းချုပ်ရာထူးကို ရေရှည်မှာလည်း သီးခြားဗိုလ်ချုပ်ကြီးတဦးက ဆက်လက်တာဝန်ယူထားရှိရင် အင်္ဂါစဥ်အရ ညှိကွပ်နဲ့ ကြည်းချုပ် ဘယ် ဗိုလ်ချုပ်ကြီး ရာထူးပိုကြီးသလဲ၊ စစ်တပ်ထိပ်ပိုင်း နံပါတ်ဘယ်လောက်ရာထူးဖြစ်လာမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာမှာလည်း ဖြစ်ပါတယ်။