myaelatt athan

Sharing Information to the Local

မီးခိုးတိတ်သွားတဲ့ လက်ဖက်ရည်ဆိုင်လေး (ဆောင်းပါး)

0 142
0 142

မြေလတ်အသံ၊ ဩဂုတ် ၁၊ ၂၀၂၅။

ရေးသားသူ – မြတ်

မနက် ၄ နာရီဝန်းကျင်ဆိုလျှင် အိမ်ထောင်ဦးစီး ကိုထွန်းခင်တယောက် လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်လေ့ရှိသည်။ မနက်စာအဆာပြေအတွက်ရောင်းချမည့် မုန့်အကြော်များနှင့်လက်ဖက်ရည်အတွက် ထင်းမီးဖိုပြီး အားသွင်းမီးအိမ်မှလာသော မှိန်ပျပျအလင်းရောက်အောက်တွင် ပြင်ဆင်ကြော်လှော်ခြင်းကပင် ကိုထွန်းခင်တို့မိသားစု နိစ္စဓူဝလုပ်ငန်းစဥ်တခု။

ဖွင့်လှစ်ထားသည့် လက်ဖက်ရည်ဆိုင်အတွက် ရောင်းချကြဖို့ပြင်ဆင်ရာမှာ ကိုထွန်းခင်တဦးတည်းတော့မဟုတ်။ ဇနီးဖြစ်သူနှင့် ဆိုင်အတွက် အကူခေါ်ထားသူ ၂ ဦး ကလည်း တာဝန်ကိုယ်စီယူကြရသည်။

ကိုထွန်းခင်က ညကနှပ်ထားသောဂျုံလုံးကို အသင့်ကြော်ရန်ပြင်ဆင်ချိန်တွင် ‌‌‌‌ဇနီးဖြစ်သူက စမူဆာ အစာသွပ်ဖို့ အာလူး၊ကြက်သွန်နီတို့ကို လှီးဖြတ်‌နေရသကဲ့သို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လက်ဖက်ရည်ဖျော်ရန် ရေနွေးအိုးတည်တာဝန်ယူထားသည့် ယောက္ခမဖြစ်သူမှာလည်း ရေးနွေးအိုးအတွက်မီးထိုးနေကာ အကူကောင်လေးနှင့် စကားပြောလျက် ကိုယ်စီတာဝန်များဖြင့်။

ကိုထွန်းခင်တို့ လက်ဖက်ရည်ဆိုင်လေးက မန္တလေးမြို့ ချောင်ကျကျရပ်ကွက်လေးတခုတွင်ရှိသည်။ ဆိုင်ဖွင့်ထားသော်လည်း လူဦးရေများများစားစားမရှိ။ ကိုထွန်းခင်တို့ ဇနီးမောင်နှံနှင့် အသက် ၄ နှစ်အရွယ်သားဖြစ်သူ၊ ယောက္ခမဖြစ်သူနှင့် ဆိုင်အကူကောင်လေး ၁ ဦး၊ ကောင်မလေး ၁ ဦးတို့သာရှိသည်။

ကိုထွန်းခင်က အသက် ၂၇ နှစ်သာ ရှိသေးပြီး ၎င်းတို့မိသားစုသည် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ဇာတိဖြစ်သည်။ မန္တလေးမြို့ကို စစ်ဘေးလာ‌ရှောင်ရင်း ထိုနေရာလေးကို အိမ်ငှားကာ လက်ဖက်ရည်ဆိုင်ဖွင့်ထားခြင်းဖြစ်သည်။

နေရာကမဆိုးလှဘူးဟု ပြောရမည်။ ရပ်ကွက်၏ မိန်းလမ်းမနေရာကျသည်။ အိမ်က ထရံကာနှစ်ထပ်အိမ်ဖြစ်ပြီး အောက်ထပ်တွင် လက်ဖက်ရည်ဆိုင်ဖွင့်နိုင်သည့် အကျယ်ရှိနေသည်။ လမ်းဘေးသာပြောရသည် စည်လှသည့် ရပ်ကွက်တော့မဟုတ်ပေ။ ပတ်ဝန်းကျင်အကုန်လုံးက ဘဝတူ စစ်ဘေးရှောင်များဖြစ်ကြသည်။

‌အိမ်ငှားဈေးမှာလည်း ၁ လလျှင် ငွေကျပ်၂ သိန်းသာရှိ၍ မန္တလေးလိုနေရာမျိုးတွင် ၎င်းဈေးနှင့်ရသည့်နေရာကို ခန့်မှန်းလို့ရနိုင်သည်။ မြို့တွင်းမန္တလေး၏ အိမ်ငှားဈေးမှာ ပေ ၄၀ × ၆၀ အိမ် ၁ လုံးလျှင် သိန်း၂၀ ဝန်းကျင်ရှိသည်။

ကိုထွန်းခင်တို့ဆိုင်က လျှပ်စစ်မီးလည်းရသည်။ မီးအားနည်းလွန်း၍ ရေတင်၍တော့မရ။ သို့သော် လက်ဖက်ရည်ဆိုင်အတွက် Wi-Fi အင်တာနက် အသုံးပြုလို့ရသည်။ မီးပြတ်သည့်အချိန်၌ ဆိုလာပြားနှင့်ချိတ်ပေး၍ အင်တာနက်အသုံးပြုချင်သူတချို့က ဆိုင်လာကြသည်။

“ရွာမှာ အမြဲပြေးနေရမယ့်အတူတူ ဒီမှာအလုပ်ကလေးနဲ့ အေးအေးချမ်းချမ်းနေရတာပေါ့ ဆိုပြီး ပြောင်းလာတာ” ဟု ကိုထွန်းခင်က ပြောသည်။

သူပြောင်းရွှေ့လာရသည့် နောက်ထပ်အကြောင်းအရင်းတခုမှာ မကြာခင်ကျောင်းထားရတော့မည့် သားဖြစ်သူ၏ ပညာရေးကြောင့်လည်း ဖြစ်သည်။

သားဖြစ်သူက အသက် ၃ နှစ်အရွယ် တီတီတာတာစကားပြောတတ်ပြီဖြစ်သည်။ နောက် ၂ နှစ်ဆိုလျှင် ကျောင်းထားရဝောာ့မည်။ သားဦးမို့ အချစ်ပိုရသလို ပညာရေးကို ဖခင်တယောက်အနေနှင့် တတ်နိုင်သမျှပံ့ပိုးလို၍ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

ယင်းမာပင်မြို့နယ်မှာ NUGအစိုးရ၏ စာသင်ကျောင်းများရှိသည်။ သို့သော် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီလေယာဥ်များကို ကြောက်ရွံ့သည်ကတကြောင်း၊ နေထိုင်ရာရွာနှင့် အနီးတဝိုက်ကို မကြာခဏစစ်ကြောင်းထိုးခံနေရသဖြင့် မကြာခဏပြေးလွှားနေရသည်ကတကြောင်းကြောင့် သားဖြစ်သူ ပညာရေးအတွက် မိသားစုလိုက်ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ဖက်ရည်ဆိုင်ဖွင့်ပြီး ၁ နှစ်နီးပါးကြာလာချိန်တွင် အနည်းငယ်အဆင်ပြေလာသည်။ မြို့ဆိုသော်လည်း ကျေးရွာသာသာရှိသည့်ရပ်ကွက်မို့ ကုန်ကျစရိတ်ကလည်း သိပ်မများလှပေ။ ၁ ရက်လျှင် လက်ဖက်ရည်နှင့်မုန့်အကြော် ကျပ် ၅ သောင်းဖိုးခန့်ရောင်းရလျှင်မဆိုးလှဟု ကိုထွန်းခင်ထင်မိသည် ။ ယခင်ကတည်းကလည်း မိသားစုစားလောက်ရုံသာမျှော်မှန်းထားတာမို့ ခန့်မှန်းသလောက်မရောင်းရသော်လည်း မိသားစုအတွက် အဆင်ပြေသည်ဟုဆိုရမည်။

မန္တလေးမြို့သည် ၃ လ ၁ ကြိမ်လောက် မြို့လုံးကျွတ်နီးပါး စစ်မှုထမ်းအတွက်မဲနှိုက်လေ့ရှိသည်။ ကိုထွန်းခင်မှာ စစ်မှုထမ်းဖို့အတွက် အသက်ကန့်သတ်ချက် အကျုံးဝင်နေသည့်တိုင်အောင် ယခုနေထိုင်ရာနေရာမှာ စစ်မှုထမ်းစရိတ်အဖြစ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအား လစဥ် ငွေကျပ် ၁ သောင်း ပေးဆောင်ထားသဖြင့် စစ်မှုထမ်းကိစ္စအတွက်ဖြေရှင်းပြီးဖြစ်သည်ဟု ယူဆကာ သူစိတ်အေးထားသည်။

သို့သော် အဆင်ပြေပြေပုံမှန်လည်ပတ်နေသည့် ကိုထွန်းခင်တို့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျစေမည့် သတင်းစကားကြားရဖို့ အကြောင်းကစတင်လာသည်။

ယခုနေရာကို မပြောင်းမီ ရပ်ကွက်တခုသာခြားသည့် အောင်မြေသာစံမြို့နယ်အပိုင်၊ ရပ်ကွက်တခုမှာ ကိုထွန်းခင်တို့မိသားစုနေထိုင်ခဲ့ပြီး ၎င်းရပ်ကွက်ဧည့်စာရင်းတွင် ကိုထွန်းခင်နာမည်ပါနေသည်ကို အမှတ်မရ။

ဇူလိုင်လ ၂၃ ရက် မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းအတွက်မဲနှိုက်ရာ ယခင်နေထိုင်ခဲ့သည့်ရပ်ကွက်ဓမ္မာရုံတွင် အသက်ကန့်သတ်ချက်ပြည့်မီနေသည့် ကိုထွန်းခင်ကို ထည့်သွင်းမဲနှိုက်ခဲ့ရာ ကံဆိုးစွာဖြင့် စစ်မှုထမ်းနံပါတ် ၄ ကို ပေါက်သည်။

နောက်ထပ်နေရာတခုမှာ ပြောင်းရွှေ့နေထိုင်နေသည့် ကိုထွန်းခင်သည် ၎င်း၏အမည်စာရင်း စစ်မှုထမ်းအတွက် မဲနှိုက်ခံရသည်ကို မသိရှိ။ မဲနှိုက်ရာဓမ္မာရုံတွင်ရောက်နေသည့် ကိုထွန်းခင်၏မိတ်ဆွေများက ရပ်ကွက်တခုသာခြားပြီး နေထိုင်နေသည့် ကိုထွန်းခင်ကို စစ်မှုထမ်းစာရင်းပါကြောင်း၊ မဲပေါက်ကြောင်း ချက်ချင်း အကြောင်းကြားလာကြသည်။

၎င်းနေ့ မန္တလေးမြို့ စစ်မှုထမ်းမဲနှိုက်ခြင်းသည် အပတ်စဉ် ၁၆ အတွက်ဖြစ်ပြီး ပေါက်မဲနံပါတ် ၁ မှ ၅ အထိမှာ ယခုခေါ်မည့် အပတ်စဥ် ၁၆ မှာ စစ်မှုထမ်းဖို့သွားရောက်ရမည်ဖြစ်သည်။ ၎င်းစစ်သင်တန်း အပတ်စဥ်သည် ဩဂုတ်လတွင် စတင်မည်ဖြစ်သည်။ နံပါတ် ၆ မှ ၁၀ အထိ မဲပေါက်သူတွေမှာ အပတ် စဉ် ၁၇ အတွက် လိုက်ပါကြရမည်ဟု ဆိုသည်။

ကိုထွန်းခင်က ပေါက်မဲ နံပါတ် ၄ ဖြစ်၍ မကြာမီတွင် ရပ်ကွက်က ဆင့်ခေါ်လာတော့မည်ဟု နားလည်လိုက်သည်။

သတင်းကြားကြားချင်း လက်ဖက်ရည်ဆိုင်‌‌ကလေး လူသံတိတ်ဆိတ်သွားသည်။ လက်ဖက်ရည်ဆိုင် လာထိုင်သူတချို့ မျက်နှာမကောင်းစွာဖြင့် အလိုက်တသိထပြန်သွားသည်။

အမြဲတမ်းအပြုံးချိုချိုနှင့် နေတတ်သည့် ကိုထွန်းခင်တယောက် မရယ်နိုင်တော့။ ခေါင်းငိုက်စိုက်ဖြင့်စားပွဲ‌ဘေးထိုင်နေသည်။ ကိုထွန်းခင်မှာ ၄ နှစ်မပြည့်တပြည့် သားဖြစ်သူကိုလည်းကြည့်သည်။ စစ်မှုထမ်းရပါက ကိုထွန်းခင် အသက်လည်းလွတ်မှာမဟုတ်။ ငွေပေး၍မရဟုလည်းကြားသည်။

ကိုထွန်းခင် ပြောင်းရွှေ့နေထိုင်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်သည့်နေရာကို ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သိရှိခြင်းမရှိသေးသော်လည်း လက်ရှိနေရာသည် ယခင်နေရာနှင့် များစွာကွာဝေးလှခြင်းမရှိသည့်အပြင် ရပ်ကွက်အချင်းချင်း ဧည့်စာရင်းများညှိနှိုင်းတိုက်ဆိုင်စစ်ဆေးပါက ကိုထွန်းခင် နေထိုင်သည့်နေရာကို အနှေးနှင့်အမြန်သိရှိသွားနိုင်သည်။

သည်အတိုင်းသာဆိုရင် ကိုထွန်းခင်ကို မကြာခင်ရပ်ကွက်ရုံးက ဆင့်ခေါ်လျှင်ခေါ်၊ မခေါ်လျှင် နေအိမ်အတွင်း ဝင်ဆွဲခံရရုံသာ ရှိတော့သည်။

ကိုထွန်းခင်မိန်းမကတော့ သတင်းကြားပြီး အိပ်ယာထဲက မထတော့။

“တအိမ်လုံး ထမင်းကို မစားနိုင်ကြတော့ဘူး”ဟု ယောက္ခမ ဖြစ်သူကညည်းသည်။

ကိုထွန်းခင်တို့ ဆိုင်ကလေး ယင်းနေ့ ညနေမှစ၍ ပိတ်သည်။

“ကျနော်တို့ ပြန်ဆုံကြမှာ မဟုတ်တော့ဘူး။ ဒါကြီးက ဘယ်တော့မှ ပြီးမှာမဟုတ်ဘူး။ ဘယ်တော့မှ မဆုံဖြစ်ကြလောက်တော့ဘူးဗျ” ဟု ကိုထွန်းခင်က အိမ်နီးချင်းတွေကို နှုတ်ဆက်သည်။

ကိုထွန်းခင်တို့ လက်ဖက်ရည်ဆိုင်ကလေး ပိတ်ပြီ။

ပလာတာရိုက်သံ၊ မီးခိုးမှုတ်သံတွေမကြားရတော့သလို မီးခိုးလည်းတိတ်သွားပြီ။ စစ်ရှောင်လာသည့် ကိုထွန်းခင်တို့ မိသားစုလည်း စစ်မှုထမ်းဥပဒေကြောင့် နောက်ထပ်တနေရာကို ထွက်ခွာကြရပြန်သည်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။