မန္တလေး၊ ဧပြီ ၁၁၊ ၂၀၂၅ ။
မန္တလေးမြို့မှာ ဘိလပ်မြေ ၁ အိတ်စျေး ၄၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဆက်ရှိနေပြီး ပစ္စည်းပြတ်လပ်ကာ ဝယ်ယူမရဖြစ်နေတယ်လို့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွေထံက သိရပါတယ်။
ငလျင်မလှုပ်ခတ်မီက မန္တလေးမြို့မှာဘိလပ်မြေအမျိုးအစားပေါ်မူတည်ပြီး ၁ အိတ်ကို ကျပ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြားရှိခဲ့ရာက ငလျင်လှုပ်ခတ်ပြီးနောက် ဧပြီလပထမအပတ်အတွင်း ကျပ် ၄၀,၀၀၀ ကျော်အထိမြင့်တက်ခဲ့ရာကနေ လက်ရှိမှာ ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်စျေးဆက်လက်ရှိနေတာပါ။
“ ငလျင်မဖြစ်ခင် နောက်ဆုံးဝယ်တာက ၁၅,၅၀၀ နဲ့ဝယ်ရတာ ၊ အခုက ၃၅,၀၀၀ တွေ ၄၀,၀၀၀ တွေဖြစ်ကုန်ပြီ။ ကျနော်တို့တောင် ပြန်ဝယ်သုံးနေရတာ ဂိုထောင်ဘေးကနံရံတွေပြိုလို့ ၃၈,၀၀၀ နဲ့ ဝယ်သုံးနေရတယ်။” လို့ အောင်မြေသာစံမြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားသူတဦးက ပြောပါတယ်။
လက်ရှိ ဘိလပ်မြေ ၁ အိတ် ကျပ် ၄၀,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးဆက်ရှိနေပေမယ့်လည်း အဆိုပါစျေးနှုန်းနဲ့ပင် ပစ္စည်းဝယ်ယူမရဖြစ်နေကာ ပြတ်လပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ချမ်းအေးသာဇံမြို့နယ်က ကုန်မာဆိုင်ပိုင်ရှင်တဦးက ” ကျနော်တို့လည်း ပြင်ချင်တာပဲ အိမ်တွေထိတာ။ ဝယ်လို့မရသေးဘူး ဘိလပ်မြေက။ မေးတဲ့ဆိုင်တိုင်းပစ္စည်းပြတ်နေတယ်ပဲ ပြောတယ်။ ဘိလပ်မြေရမှ ဝယ်လို့ရမှ ပြင်လို့ရမှာ။ ဒီလိုပဲ အနည်းနဲ့အများ ပျက်စီးကြတာပါပဲ။” လို့ ဆိုပါတယ်။
ပြည်တွင်းဘိလပ်မြေထုတ်လုပ်တဲ့ စက်ရုံတချို့ရပ်နားထားရတာ၊ ငလျင်ဒဏ်ကြောင့် လမ်းပိုင်းပျက်စီးမှုတွေဖြစ်ပေါ်ခဲ့လို့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ ရက်ရှည်ရုံးပိတ်ရက်တွေရှိနေတာကြောင့် စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုဖြစ်နေတာဖြစ်နိုင်ကြောင်း ကုန်မာဆိုင်အသိုင်းအဝိုင်းက ခန့်မှန်းပါတယ်။
” ဘိလပ်မြေတွေက ဝယ်မရဘူး။ ကျမတို့က အယ်ဖာဘိလပ်မြေတမျိုးပဲရောင်းတာ။ အယ်ဖာစက်ရုံကလည်း ရက်အကန့်အသတ်မရှိပိတ်ထားတာဆိုတော့ ရောင်းစရာကိုမရှိဘူး။ ငလျင်ဖြစ်ပြီးမှ မရတာမျိုး။ တမြို့လုံးနီးပါး မရတာ။”လို့ ပြည်ပြီးတံခွန်မြို့နယ်ရှိ နောက်ထပ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တဦးက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့အချက် အလက်တွေအရ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးတိုင်းမှာ လူနေအိမ်၊ အခြေခံအဆောက်အဦနဲ့ ဘာသာရေးအဆောက်အဦ စုစုပေါင်း ၂၂,၀၀၀ ကျော် ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးမှာ ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်အဆောက်အဦတွေကို ဖြိုချရှင်းလင်းမှုတွေလုပ်ဆောင်ပြီး ပြန်လည်တည်ဆောက်ဖိုနဲ့ ထိခိုက်မှုအနည်းငယ်သာရှိပြီး ပြန်လည်ပြုပြင်နိုင်မယ့် အဆောက်အဦတွေအတွက် ဆောက်လုပ်ရေးပစ္စည်းလိုအပ်ချက်တွေ မြင့်မားနေတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ