မြင်းခြံ၊ ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့နဲ့ဆုံရွာကျေးရွာကြားမှာ ရိက္ခာသယ်ပြန်လာတဲ့ စစ်ကော်မရှင်အဖွဲ့ကိုတိုက်ခိုက်ရာ ၆ ဦးသေဆုံးပြီး လက်နက်တွေလည်းသိမ်းဆည်းခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်မနက် ၁၀ နာရီခန့်မှာ ဆီမီးခုံမြို့ကနေ ဆုံရွာကိုစျေးဝယ်ပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအင်အား ၂၀ ခန့်ကိုကြားဖြတ်တိုက်ခိုက်ရာမှ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာလို့ ဆိုပါတယ်။
“ဆုံရွာကနေ ဆီမီးခုံကို ရိက္ခာသွားဝယ်ပြီး အပြန်မှာဖြစ်တာ။ စောင့်ပြီးတော့တိုက်ကြတာ။ ဆိုင်ကယ်တွေနဲ့လာကြတာ။ ထိတွေ့မှုက မိနစ်ပိုင်းလောက်ဖြစ်တာ။ သူတို့ဘက်က မျက်မြင်ကို ၆ ယောက်ကျတယ်။ သူတို့ဘက်က ကျန်တဲ့ထိခိုက်ဒဏ်ရာရပြီး ဆုတ်ပြေးတယ်”လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်နဲ့ပျူစောထီး ၆ ဦးနဲ့ PDF ပူးပေါင်းတပ်ဘက်က အသက် ၂၀ ကျော်တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်အဖွဲ့တွေကိုင်ဆောင်တဲ့ G3 ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီးနဲ့ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ကျည်ထိမှန်ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်စျာပနကိုတော့ ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြုလုပ်ပြီးစီးပြီလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ မြင်းခြံမြို့နယ်ပကဖ၊ မန္တလေးခရိုင်တပ်ရင်း ၃ အပါအဝင် ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး မန္တလေးခရိုင်တပ်ရင်း ၃ ဘက်က ဖေဖော်ဝါရီလ ၂၂ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဆုံရွာကျေးရွာမှာ ပျူစောထီးနဲ့စစ်ကောင်စီအင်အား ၁၀၀ ခန့်တပ်စွဲထားတာရှိနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကလည်း PDF ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ရာက ပစ်ခတ်မှုဖြစ်ပြီး ပူးပေါင်းတပ်ဘက်က ၆ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း – လင်း