လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦးသေဆုံးပြီး ၁၆ ဦးဒဏ်ရာရ

မိတ္တီလာ၊ မတ် ၂၃၊ ၂၀၂၃။

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမှာ လမ်းပေါ်ရပ်ထားတဲ့ ကားကို ဝင်တိုက်မိလို့ ၂ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၃ ရက် ဒီမနက် ၅ နာရီ ၅၀ ခန့်မှာ နေပြည်တော်ဘက်ကနေ လားရှိုးဘက်ကို ရော်ဘာခြစ်ဖို့ လုပ်သားတွေတင်လာတဲ့ လိုက်ထရပ်ယာဥ်ဟာ မိုင်တိုင်အမှတ် ၂၈၄/၁ နဲ့ ၂၈၄/၂ ကြားအရောက်မှာ လမ်းပေါ်ရပ်ထားတဲ့ ကုန်ကားကို ဝင်တိုက်မိခဲ့တာလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကုန်ကားက ရပ်ထားတာ။ ရပ်ထားတဲ့ကားကလည်း လမ်းပေါ်ရောက်နေတယ်။ အဲ့ဒါကို ရော်ဘာခြစ်ဖို့သွားတဲ့ အလုပ်သမားတွေ တင်လာတဲ့ကားကလည်း မရှောင်နိုင်ဘဲဝင်တိုက်တယ်။ ကားပေါ်မှာက ယာဥ်မောင်းအပြင် အယောက် ၂၀ ကျော်လောက် ပါတယ်” လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်ပါအမျိုးသား ၂ ဦး သေဆုံးပြီး၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၆ ဦး ဒဏ်ရာရခဲ့ကာ သူတို့ကို မိတ္တိလာဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

မတ်လ ၄ ရက် မနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၇ အနီးမှာ ခရီးသည်တင်ကား အရှိန်လွန်တိမ်းမှောက်ပြီး ၅ ဦး သေဆုံးကာ၊ ၂၅ ဦးကျော် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။