myaelatt athan

Sharing Information to the Local

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်နိုင်ဖို့ မျှော်လင့်ထားတဲ့ ကဒူးကာကွယ်ရေးတပ်- MRKDF

0
0

မြေလတ်အသံ၊ ဇွန် ၁၈၊ ၂၀၂၅။

ဒါက ကဒူးလူမျိုးအများစုနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ကဒူးကာကွယ်ရေးတပ်ဖွဲ့ Maing Thong Region Kadu Defense Force-MRKDF ရဲဘော်တွေ စစ်ရေးလေ့ကျင့်နေကြတာပါ။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇွန်လ မှာ စစ်ကိုင်းတိုင်းအတွင်းက အင်းတော်၊ ပင်လယ်ဘူး၊ ကသာ၊ ထီးချိုင့်နဲ့ ဗန်းမောက်မြို့နယ်တွေက ကဒူးလူငယ်တွေဟာ အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်ဖို့အတွက် ကချင်ပြည်နယ်၊ လိုင်ဇာ မှာရှိတဲ့ KIA ဆီမှာ စစ်ပညာသင်ယူပြီး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ နိုဝင်ဘာ ၈ ရက်မှာ ကဒူးကာကွယ်ရေးတပ် Maing Thone Region Kadu Defense Force – MRKDF ကိုတရားဝင်စတင်တည်ထောင်ခဲ့တယ်လို့ MRKDF ရဲ့တာဝန်ခံ ရဲဘော် AK ကပြောပါတယ်။

MRKDF တပ်ဖွဲ့အတွင်းမှာ ကဒူးလူမျိုးအများစုပါဝင်ပြီး ရှမ်းနဲ့ဗမာတွေလည်းပါဝင်ကာ ကသာခရိုင်နဲ့ ကချင်ပြည်နယ်မှာ အခြေပြုလှုပ်ရှားနေတယ်လို့ MRKDF ရဲ့တာဝန်ခံ ရဲဘော်AKက ပြောပါတယ်။

တပ်ဖွဲ့အတွင်းမှာအမျိုးသမီးရဲဘော်တွေလည်းရှိပြီး ကျား/မခွဲခြားဆက်ဆံတာ၊လူမျိုးရေးခွဲခြားတာတွေ မလုပ်ဖို့ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတယ်လို့ တပ်ရဲ့ စည်းကမ်းတွေနဲ့ပတ်သက်ပြီး MRKDFရဲ့တာဝန်ခံ ရဲဘော်AKက ပြောပါတယ်။

MRKDF ဟာ တိုက်ပွဲပေါင်းများစွာတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေအတွင်းကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေ ကျဆုံးသွားတဲ့ရဲဘော်တွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့်လုံခြုံရေးအခြေအနေတွေကြောင့် ကျဆုံးရဲဘော်နဲ့ ထိခိုက်ဒဏ်ရာရရဲဘော်တွေရဲ့ စာရင်းကိုတော့ အတိအကျပြောဖို့ ခက်တယ်လို့ဆိုပါတယ်။ တပ်ဖွဲ့ကိုစတင်တည်ထောင်ချိန်ကနေ ဒီနေ့အထိ တပ်ဖွဲ့ရပ်တည်ရေးအတွက် စစ်ရေးဆိုင်ရာကို KIO/KIAက ကူညီပေးပြီး ငွေကြေးပိုင်းကိုတော့ ကဒူးဒေသကပြည်သူတွေက ထောက်ပံ့ကူညီပေးတယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ရဲ့ ပထမဆုံးတိုက်ပွဲကတော့ ၂၀၂၃ နှစ်အစပိုင်း မိုးတားတိုက်နယ်မှာ တပ်မ ၇၇ နဲ့ ဖြစ်ခဲ့တဲ့တိုက်ပွဲဖြစ်ပြီး အဲဒီတိုက်ပွဲကနေ ချီဖွေမြို့သိမ်းတိုက်ပွဲ၊ မံစီမြို့သိမ်းတိုက်ပွဲနဲ့ အင်းတော်မြို့သိမ်းတိုက်ပွဲတွေအထိ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်AK ကပြောပါတယ်။

ကဒူးလူမျိုးစုတွေဟာ ခေတ်အဆက်ဆက် မှတ်ပုံတင်တွေမှာ ကဒူးလူမျိုးအဖြစ် ဖော်ပြမခံရပဲ။ ဗမာလူမျိုးအဖြစ် ဖော်ပြခံရတာတွေကို ပြောင်းလဲပေးဖို့နဲ့ လူမျိုးစုအခွင့်အရေးတွေရရှိဖို့ ယခင်အစိုးရအဆက်ဆက်တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒါ့အပြင် နွေဦးတော်လှန်ရေးမတိုင်ခင်ကာလတွေကတည်းက ကဒူးလူမျိုးစုကာကွယ်ရေးနဲ့ လူနည်းစု အခွင့်အရေးတွေကို တောင်းဆိုဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တည်ထောင်ဖို့ကြိုးစားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မတည်ထောင်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်ပဲ နွေဦးတော်လှန်ရေးပေါ်ပေါက်လာတဲ့အခါမှာ ဆုံးရှုံးနေတဲ့လူမျိုးစုအခွင့်အရေးတွေကို ပြန်လည်ရရှိဖို့၊ စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့နဲ့ နောင်တချိန်မှာ ကဒူးလူမျိုးတွေဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းကျန်နေစေဖို့အတွက် ကဒူးကာကွယ်ရေးတပ်ဖွဲ့-MRKDF ကိုတည်ထောင်ဖြစ်ခဲ့တာလို့ ရဲဘော် AK က ပြောပါတယ်။

MRKDF ကိုစတင်တည်ထောင်သူတွေနဲ့တာဝန်ရှိသူတွေဟာ ၂၀၀၄ မှာ ကဒူးလူမျိုးဆိုင်ရာ သမိုင်းကြောင်းတွေ၊ စာပေယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ပြီး ကဒူးလူမျိုးစု အခွင့်အရေးအတွက် တောင်းဆိုလှုပ်ရှားခဲ့ကြပေမယ့် အစိုးရရဲ့ အကန့်အသတ်တွေကြောင့် အပြည့်အဝ လုပ်ဆောင်ခွင့်မရခဲ့ကြပါဘူး။

ကဒူးကာကွယ်ရေးတပ်-MRKDF အနေနဲ့ စစ်အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်ရင်း နွေဦးတော်လှန်ရေးကာလအလွန်ကိုရောက်တဲ့အခါမှာ ပြည်ထောင်စုရဲ့တစိတ်တပိုင်းအဖြစ်နဲ့ ကဒူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရပ်တည်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။