ချောင်းဦး၊ မေ ၁၂၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ ဆီက သိရပါတယ်။
မေ ၁၂ ရက် ဒီနေ့နေ့လယ် ၉ နာရီခွဲလောက်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့ရာ ရွာသင်္ချိုင်းကုန်းနဲ့ ရွာအရှေ့ဖျားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
“ကြဲချခံရတဲ့အိမ်ရဲ့ အနောက်ဘက်မှာ ကျူရှင်ရှိတယ်၊ ကလေးစာသင်ရင်း လေကြောင်းတိုက်ခိုက်သွားတာ၊ ၁၀ နှစ်အရွယ်ဝန်းကျင် ကျောင်းသူ ၁ ဦးတော့ ခြေထောက်ဒဏ်ရာရသွားတယ်”လို့ လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၃ တာဝန်ခံ ကိုမိုးကြိုးက ပြောပါတယ်။
ဗုံးစထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးနဲ့ ၃၂ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား ၅ ဦးနဲ့ ၁၀ နှစ်အရွယ်ကျောင်းသူ ၁ ဦး ထိခိုက်ပြီး ကျောင်းသူတဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စေတီတချို့နဲ့ နေအိမ် ၆ လုံးပျက်စီးခဲ့ပြီး သိုး၊ နွား စတဲ့တိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ် လို့ ကိုမိုးကြိုးကပြောပါတယ်။
မှန်ချိုကျေးရွာဟာ အိမ်ခြေ ၁ ထောင်၊ လူဦးရေ ၄ ထောင်ရှိတဲ့ကျေးရွာတရွာဖြစ်ပြီး ချောင်းဦးမြို့ပေါ် ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အပြင် လေကြောင်းတိုက်ခိုက်တာကော လုပ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၀ ရက်လည်းလည်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က စက်တပ်လေထီးပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း၊ တည်းဖြတ် – HP