မြေလတ်အသံ၊ ဇန်နဝါရီ ၂၂၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မိုင်းရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေ မိုင်းဆွဲခံရပြီး ၄ ဦးဒဏ်ရာရခဲ့ပါတယ်။
ဇန်နဝါရီလ ၂၁ရက် မွန်းလွဲ ၁၂ နာရီကျော်မှာ မုံရွာ-ချောင်းဦးလမ်းတလျှောက် မိုင်းရှင်းတာနဲ့ လမ်းသွားလမ်းလာကားတွေကို ပိုက်ဆံတောင်းဖို့ မုံရွေးဂိတ်ကနေထွက်လာတဲ့ အင်အား ၂၀ ကျော်ပါ စစ်ကော်မရှင်တပ်သားတွေ ကောင်းစံကွမ်းယာဆိုင်အနီးမှာ အဝေးထိန်းပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။
ကားလမ်းဘေးမှာ ကင်းထောက်နေတဲ့ စစ်ကော်မရှင်တပ်သားတွေအနီးမှာ ပဒေသာမိုင်းတွေက ပေါက်ကွဲခဲ့တာဖြစ်ပြီး တချို့စစ်ကော်မရှင်တပ်သားတွေက မိုင်းအရှိန်ကြောင့် လွင့်စင်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ MONYWA DYNAMITE.STF တာဝန်ရှိသူတဦးက ပြောပါတယ်။
မိုင်းဆွဲခံရလို့ စစ်ကော်မရှင် တပ်သား ၄ ဦးထိခိုက်ခဲ့ပြီး အဲဒီအထဲက ၁ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့လည်း ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့တွေက တနာရီကြာ ကားလမ်းကိုပိတ်ဆို့လိုက်ပြီး ထိခိုက်သူတွေကို မုံရွာမြို့ထဲကနေ သံပြားကာကားတွေနဲ့လာရောက်တင်ဆောင်သွားတယ်လို့ သိရပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကိုတော့ BRAVE HEART AYMY-BHA ၊ MONYWA DYNAMITE – STF နဲ့ CHINDWIN FIGHTER GROUP – CFG တို့က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် – M