⁨ရေစကြိုမှာ ၂ ရက်တာတိုက်ပွဲဖြစ်ပြီး စစ်ကော်မရှင် ၃ ပွင့်ဗိုလ်အပါ ၄ ဦးသေဆုံး (ရုပ်/သံ)

0 9
0 9

ရေစကြို၊ ဒီဇင်ဘာ ၁၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ၂ ရက်တာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ခလရ ၂၅၆၊ ခလရ ၂၅၇၊ ခလရ ၂၅၈ တပ်တွေက အင်အား ၁၂၀ ပါစစ်ကော်မရှင်စစ်ကြောင်းနဲ့ ဒေသခံ ကာကွယ်ရေးတပ်တို့ နိုဝင်ဘာ ၂၅ ရက် နေ့လယ် ၁၀ နာရီက ထန်းဆယ်ပင်ရွာနဲ့ ရွာသစ်ရွာကြားမှာ တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ် ၁ ဦးနဲ့ စစ်ကော်မရှင်တပ်သား ၂ ဦးတို့ သေဆုံးခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ရွာသစ်ရွာဘက်ကို သွားတဲ့အကူး ထန်းဆယ်ပင်ရွာနဲ့ ရွာသစ်ရွာကြားမှာ အသင့်စောင့်ပြီးတိုက်ခိုက်ခဲ့တာမှာ တိုက်ပွဲက ၂ နာရီလောက်ကြာခဲ့တယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တာလည်း ပြင်းထန်ခဲ့တယ်။ စစ်ကော်မရှင်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တယ်။ စစ်ကော်မရှင်ဘက်က သုံးပွင့်ဗိုလ်စစ်ကြောင်းမှူး ဗိုလ်ကြီးမင်းတေဇ ဆီးခုံမှန်ပြီး သေဆုံးတယ်။ နောက်ထပ်တပ်သား ၂ ဦးလည်း သေဆုံးတယ်” လို့ သူကပြောပါတယ်။

အဲ့ဒီနောက် စစ်ကြောင်းက နိုဝင်ဘာ ၂၇ ရက်မှာ ညောင်စောက်ရွာကိုရောက်ရှိလာပြီး အင်အား ၃၀ လောက်နဲ့ ရွာတောင်ဘက်ကို ကင်းယူဖို့ထွက်လာချိန် ဒေသခံကာကွယ်ရေးတပ်တွေက ထပ်မံတိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“နိုဝင်ဘာ ၂၇ ရက်မှာ အဲ့ဒီစစ်ကြောင်းက ညောက်စောက်ကျေးရွာကို ရောက်တယ်၊ ညောင်စောက်ကျေးရွာရဲ့ တောင်ဘက်ကိုထွက်လာပြီး ၃၀ ဦးလောက် ကင်းယူဖို့ထွက်လာတာ၊ ကျနော်တို့လည်း အသင့်စောင့်ပြီး တိုက်ခိုက်ခဲ့တယ်၊ မိနစ် ၂၀ လောက်တိုက်ခိုက်ခဲ့တယ်၊ စစ်ကော်မရှင်တပ်သား ၁ ဦးသေပြီး ၂ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

အဲ့ဒီစစ်ကော်မရှင်စစ်ကြောင်းဟာ ညောင်စောက်ရွာမှာ ၁ ရက်နေထိုင်ခဲ့ပြီး နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာထဲမှာပိတ်မိနေတဲ့ဒေသခံ ၅၀၀ ဝန်းကျင်ဆီက ရွှေထည်နဲ့ငွေတွေယူပြီးနောက် ရွှေချောင်းရွာနဲ့ ပေါက်တောရွာတွေဘက်ကို နိုဝင်ဘာ ၂၈ ရက်မှာ ထွက်ခွာသွားခဲ့ပြီး အဲ့ဒီကနေမှ ခလရ ၂၅၈ ထဲကို နိုဝင်ဘာ ၂၉ ရက်မှာ ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းဝင်လာတဲ့အချိန်မှာလည်း ညောက်စောက်ကျေးရွာက ပြည်သူပိုင် နေအိမ် ၁၀ လုံးကို မီးရှိူ့ဖျက်ဆီးတယ်။ ညောင်စောက်ကျေးရွာက ပြည်သူ ၅၀၀ ဦးလောက်လည်း ရွာထဲမှာပိတ်မိသွားတယ်။ လူကြီး၊ လူငယ်၊ ကလေးကအစ ညောက်စောက်ဘုန်းကြီးကျောင်းထဲ ထည့်ထားတာ။ ဖမ်းမိတဲ့ပြည်သူတွေဆီက နားကပ်၊ ဆွဲကြိုး၊ ရွှေတွေယူပြီး ညောင်စောက်ကျေးရွာထဲက ပစ္စည်းတွေကိုလည်း ကားနဲ့ ရေစကြိုမြို့စီမံရုံးထဲကို သယ်သွားတယ်။ နိုဝင်ဘာ ၂၉ ရက်မှာ ညောက်စောက်ကျေးရွာကနေ ရွှေချောင်းပေါက်တောဘက်ကို ထပ်ထွက်ခွာလာတယ်၊ အဲ့ဒီမှာလည်း ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးသွားတယ်၊ အဲ့ဒီကနေ ရေစကြိုမြို့ပေါ်ကို ပြန်သွားတယ်၊ ရေစကြိုမြို့ပေါ်ကတဆင့် ခလရ ၂၅၈ ထဲကို ဝင်သွားတယ်” လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ နဲ့ နွေဦးစစ်သည် ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကလည်း ရေစကြိုမြို့က‌နေ တပ် ၃ တပ် စုပေါင်းထွက်လာတဲ့ စစ်ကော်မရှင် အင်အား ၅၀ ကျော်ပါစစ်ကြောင်း ရေစကြိုမြို့အထွက် ပေကုန်းကျေးရွာ ရေတံခါးအနီး လမ်းကင်းယူနေစဉ် ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်ခဲ့ရာ ၂ ပွင့်ဗိုလ်နဲ့ တပ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

တည်းဖြတ် – M⁩

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။