myaelatt athan

Sharing Information to the Local

စစ်တောင်းမြစ်ရေတက်လို့ ပဲခူးရှေ့ခြမ်းက မြို့နယ် ၄ ခု ရေကြီးနေပြီး တောင်ငူမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထား(ရုပ်/သံ)

မြေလတ်အသံ၊ ဇူလိုင် ၂၉၊ ၂၀၂၅။

စစ်တောင်းမြစ်ရေတက်လာလို့ ပဲခူးတိုင်း၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းနဲ့ ညောင်လေးပင်မြို့နယ်တွေက ကျေးရွာ/ရပ်ကွက် ၇၀ ထက်မနည်းမှာ ရေကြီး၊ ရေလျှံတာတွေ ဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေတဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

ဇူလိုင် ၂၇ ရက် ညပိုင်းကစတင်ပြီး စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက်ကို ရောက်ရှိလာတာကြောင့် စစ်တောင်းမြစ်တလျှောက်ကျေးရွာတွေမှာ ရေအမြင့် ၄ ပေ ကျော်အထိ ရေဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

စစ်တောင်းမြစ်ရေကြီးလို့ အုတ်တွင်းမြို့နယ် ကြက်လျှာ၊ ခေါင်ရမ်း၊ ဝက်ကြီး၊ မြင်းစု၊ သာဂရ၊ ခပေါင်းတိုက်၊ ဇီးဖြူပင်အထက်၊ ဇီးဖြူပင်အောက်၊ ဇီးဖြူပင်လယ်၊ အုန်းပင်၊ ဂျိုးပင်သောင်၊ မအူပင်၊ ပဲကြီးခုံ၊ ဇီးဖြူသောင်ရွာမ၊ အောင်သာ၊ ကန်သာရွာတွေအပါ ၂၅ ရွာခန့်၊ ထန်းတပင်မြို့နယ်ထဲက မိုးမခ၊ သရက်ပင်၊ ပျဥ်းမပင်၊ ဗြက်ကလေး၊ ဒိုးဆိပ်၊ ဂွေးကုန်း၊ ရေကျော်၊ ရေအိုးစင်ရွာတွေအပါ ၁၅ ရွာခန့်၊ တောင်ငူမြို့ပေါ် ရပ်ကွက် ၃ ခု၊ တဖန်းပင်၊ ဒိုင်နယ်၊ ဒိုးသောင်၊ ကယားပြုံးချောင်း၊ သရက်တော၊ ရှမ်းဝါးတီအပါ ကျေးရွာ/ရပ်ကွက် ၁၀ ခုထက်မနည်း၊ မဒေါက်မြို့ပေါ်ရပ်ကွက် ၁၀ ခုနဲ့ ဘုရားစု၊ အင်းဂပလိပ်၊ ညောင်ပင်ပေါက်၊ အင်းချောင်၊ ဖိုးကုန်း၊ ဇာပြတ်၊ သောင်ကြီး၊ ရေပေါ်သောင်အပါ ၁၀ ရွာကျော် စုစုပေါင်း ကျေးရွာ/ရပ်ကွက် ၇၀ ကျော်မှာ ရေဝင်ရောက်နစ်မြုပ်နေပြီး အများစုက စစ်တောင်းမြစ်ကမ်းဘေးကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။

” ရေအခြေနေက မြစ်ကမ်းဘေးတွေကတော့ ရေကြီးနေတုန်းဘဲ။ ရေစီးအားက အဲ့လောက်မပြင်းဘူး။ ရေကတအိအိတက်နေတာ။ အခုလည်းတက်နေတယ်။ စင်တီမီတာလောက်တက်တယ်။ ငြိမ့်ငြိမ့်လေး တက်နေတာ။ စစ်တောင်းမြစ်ရဲ့ရေစီးပုံစံအတိုင်းဘဲရှိတယ်။ စစ်တောင်းမြစ်တကြော ကမ်းနားတလျှောက် ၂၅ ရွာလောက်ရှိမယ်။ မြို့တွင်းကတော့ ရေကြီးတာမရှိသေးဘူး”လို့ အုတ်တွင်းမြို့ လူမှူကူညီရေးအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ရေဝင်ရောက်နေတဲ့ ကျေးရွာတွေမှာ ဆက်လက်နေထိုင်လို့မရတဲ့ ဒေသခံတွေက ရွေ့ပြောင်းနေကြပြီး အများစုကတော့ မပြောင်းရွေ့ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

” ရွေ့ပြောင်းတာကနည်းတယ်။ လူတွေကခက်တယ်။ ပြောင်းချင်တဲ့သူလည်းရှိ မပြောင်းချင်တဲ့သူလည်းရှိတယ်။ လှေရောက်တယ်။ မပြောင်းဘူး။ ခဏနေကြတော့ လာပြန်ခေါ်ပါအုန်းလုပ်တယ်။ တက္ကစီလို လုပ်နေတယ် “လို့ အထက်ပါလူမှုကူညီရေးအသင်းဝင်က ပြောပါတယ်။

တောင်ငူမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်ထားပြီး ကျန်မြို့နယ်တွေမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်ထားတာမျိုးမရှိသေးဘဲ နီးစပ်ရာအမြင့်ပိုင်းတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့ သိရပါတယ်။

တောင်ငူမြို့ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ဇူလိုင် ၂၈ ရက်ကစတင်ဖွင့်လှစ်ထားကာ ရွှေဆံတော်ဘုရား၊ TTC ကျောင်းဟောင်း၊ မြတ်စောညီနောင်ဘုရားနေရာတွေအပါအဝင် ၉ နေရာ ဖွင့်ထားတယ်လို့ သိရပါတယ်။

ရေဘေးသင့်ဒေသခံစာရင်းကိုတော့ ကောက်ယူနိုင်တာမရှိသေးဘဲ လက်ရှိရေဝင်ရောက်နေတဲ့ မြို့နယ် ၄ ခုရဲ့ကျေးရွာ/ရပ်ကွက် ၇၀ကျော်မှာ လူဦးရေ ၄၀,၀၀၀ ကျော် နေထိုင်ကြပြီး မြစ်ရေဝင်ရောက်တာကြောင့် ရေတွင်း/ရေကန်တွေကနေ သောက်ရေခပ်ယူမရတော့လို့ ရေသန့်နဲ့ လတ်တလောစားသောက်လို့ရမယ့် အစားအသောက်လိုအပ်ချက်တွေလည်းရှိနေပါတယ်။

” လောလောဆယ် စိုးရိမ်ရေမှတ်က ၆၆၄ ဖြစ်သွားပြီ၊ ဒီမနက် ၉ နာရီခွဲတိုင်းတာချက်အရ။ ရေအခြေနေက မနှစ်ကလောက်တော့မဆိုးသေးဘူး။ လက်ရှိအခြေနေကတော့ အားလုံးကို ရွှေ့ပြောင်းသယ်နေတယ်။ မနေ့ကတည်းက။ ရပ်ကွက် ၈၊ ၉၊ ၁၀ မြုပ်ပြီး စုစုပေါင်းစာရင်းချုပ်တော့မရသေးဘူး”လို့ တောင်ငူဒေသခံလူမှုကူညီရေးအသင်းဝင်တဦးကပြောပါတယ်။

စစ်တောင်းမြစ်ရေတက်လို့ ဇူလိုင် ၂၈ ရက်မှာ အုတ်တွင်းမြို့နယ် မြင်းစုကျေးရွာ၊ ထန်းတပင်မြို့ပေါ် နဲ့ တောင်ငူမြို့နယ် ရှမ်းဝါးတီကျေးရွာတွေမှာ ရေစီးနဲ့မျောပါတာကြောင့် အမျိုးသား ၃ ဦးသေဆုံးထားကာ အဲ့ဒီထဲက ရုပ်အလောင်းတခုကိုဆယ်ယူရရှိထားကြောင်းသာ ကြားသိရပြီး သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မသိရသေးဘူးလို့ တောင်ငူကူညီရေးအသင်းဝင်က ဆိုပါတယ်။

ပဲခူးတိုင်းမှာ ပဲခူးမြို့အပါအဝင် စစ်တောင်းမြစ်ကမ်းနံဘေးကျေးရွာတွေဟာ နှစ်စဥ်လို ရေဘေးနဲ့ကြုံတွေ့ရပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာလည်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပဲခူးရှေ့ခြမ်း စစ်တောင်းမြစ်ဘေးမြို့နယ်တွေမှာ ရေကြီး/ရေလျှံမှုတွေဖြစ်ကာ လူသောင်းနဲ့ချီ ရေဘေးသင့်ခဲ့တာလည်း ဖြစ်ပါတယ်။

စာတည်း- ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။