ပေါက်၊ ဇူလှိုင် ၂၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ စံဖဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့နယ်လူသားစာနာတာဝန်ရှိသူဆီက သိရပါတယ်။
ဇူလိုင် ၂၆ ရက် မနေ့ညနေ ၄ နာရီခန့်မှာ စံဖဲရွာ ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်တိုက်လေယာဥ် ၁ စင်းက ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ဆေးပေးခန်းနဲ့ နေအိမ်တွေအနီး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
” ပေါက်တောင်ပိုင်းကိုဖြတ်ပြီးမှ ထီးလင်းဘက်ကို ခပ်နိမ့်နိမ့်လေးပြန်သန်းပြီးတော့မှ ထီးလင်းဘက်ကနေအပြန်မှာ ပစ်(ချ)တာတော့ဆေးခန်းလို့ ယူဆရတာ ဆေးခန်းကိုမကျဘဲ ဆေးခန်းအရှေ့နားက အိမ်နားကိုသွားကျတာ” လို့ လူသားစာနာတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဗုံးကြဲခံရတာကြောင့် ကျေးရွာဆေးပေးခန်းမှာရှိနေတဲ့ လူနာစောင့်အမျိုးသား ၁ ဦးနဲ့ ဆေးပေးခန်းအနီးရှိနေတဲ့ နောက်ထပ်အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၃ ဦး၊ အသက် ၁၃ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါ အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
” ဆေးခန်းကိုလာပြတဲ့ အမျိုးသမီးရဲ့ လူနာစောင့်အမျိုးသားကတော့ လည်ပင်းမှထိပြီးတော့ဆုံးသွားတယ်။ ကျန်တဲ့ ထိခိုက် ၈ ဦးကတော့ အချိန်မီဆေးရုံကို ပို့တယ်။ ဆေးရုံအသွားလမ်းမှာ အမျိုးသား ၁ ဦးက လမ်းမှာဆုံးတယ်။ ကျန်တဲ့(ဒဏ်ရာရ) ၇ ဦးကတော့ ဆေးကုသမှုခံယူနေပါတယ်” လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း ပေါက်မြို့နယ်၊ နယ်သတ်ရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချခဲ့တာကြောင့် နယ်သတ်ရွာကအမျိုးသမီး ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ပေါက်နဲ့ပခုက္ကူနယ်အစပ်မှာ ရောက်ရှိနေတဲ့ အင်အား ၁,၀၀၀ ကျော်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ ၂ လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းအနီးနားကကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စာတည်း – ဟိန်းစံ ၊ တည်းဖြတ် – HP