myaelatt athan

Sharing Information to the Local

⁨အရာတော်မှာ တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်က တပ်စွဲတဲ့နေရာကထွက်ပြေး (ရုပ်/သံ)

အရာတော်၊ ဇူလိုင် ၁၉၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မြေနတ်ရွာဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ပြီး ဓါးစာခံအဖြစ်ဖမ်းခံထားရတဲ့ သံဃာ ၄ ပါးနဲ့ အမျိုးသား ၄ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ People Defence Organization of Budalin ဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက်မနက် ၁၀ နာရီလောက်မှာ မြေနတ်ရွာ‌မြောက်ဘက်ရှိ ဘုန်းကြီးကျောင်းနဲ့ ရွာတောင်ဘက်ရှိ သီလရှင်ကျောင်းတို့မှာ အင်အား ၅၀ စီနဲ့ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တပြိုင်တည်းဝင်တိုက်ခဲ့ တာလို့ ဆိုပါတယ်။

“တပ်စွဲထားတာက ၃ ရက်လောက်ရှိသွားပြီ၊ PDF စုပေါင်းအင်အားနဲ့ တိုက်ခိုက်တာပါ၊ **တွေကလည်း ထိခိုက်ဒဏ်ရာရပြီး ပြန်ဆုတ်ခွာသွားတယ်၊ သူတို့သိမ်းပိုက်ထားတဲ့ ဘုန်းကြီးကျောင်းကို ကျနော်တို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်။” လို့ People Defence Organization of Budalin ရဲ့ စစ်ရေးတာဝန်ခံ ကိုကြွက်ကလေးက ပြောပါတယ်။

ကာကွယ်ရေးတပ်တွေဘက်က ဘုန်းကြီးကျောင်းထဲထိဝင်ရောက်စီးနင်းခဲ့ချိန် စစ်ကောင်စီဘက်က သေဆုံးအလောင်းတွေကိုတော့ မတွေ့ရဘဲ ဓါးစာခံဖမ်းခံထားရတဲ့ မြေနတ်ရွာက သံဃာ ၄ ပါးနဲ့ အမျိုးသား ၄ ဦးကို ဘုန်းကြီးကျောင်းအတွင်းကနေ ကယ်ထုတ်ပြီး ဘေးလွတ်ရာနေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဘုန်းကြီးကျောင်းထဲရောက်ပြီး ‌ဝင်စီးနိုင်တဲ့အချိန်မှာ အလောင်းတွေတော့ မတွေ့ဘူး၊ ကျနော်တို့ ကယ်လိုက်တဲ့ ဓါးစာခံတွေပြောပြချက်အရ သွေးကွက်တွေတော့တွေ့တယ်၊ ကျနော်တို့ ဒရုန်းနဲ့ ဗုံးကြဲချလို့ ဖရိုဖရဲပျက်စီးတာတွေတော့တွေ့တယ်၊ ကျနော်တို့တဖွဲ့ထဲတောင်မှ ကျည်က ၂ ထောင်လောက်အထိ သုံးတာ၊ ဘုန်းကြီးကျောင်းမှာ ထိခိုက်တာတော့များတယ်၊ ဒရုန်းနဲ့ဗုံးကြဲချတာက ဘုန်းကြီးကျောင်း ဘေးမှာ စက်ကလေး၊ စက်ကြီးတော့ထိုင်ထားတဲ့နေရာနဲ့ ငါးကျင်းမြှီးနေရာတွေကို ချတာခဲ့တာ”လို့ ကိုကြွက်ကလေး က ဆက်ပြောပါတယ်။

သီလရှင်ကျောင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ဘုန်းကြီးကျောင်းဘက်ကို ကူးမလာနိုင်အောင် ကာကွယ်တိုက်ခိုက်ခဲ့တဲ့အနေအထားဖြစ်ပြီး အဲ့ဒီကစစ်ကောင်စီတပ်တွေကတော့ ငွေတွင်းကျေးရွာနဲ့ လေ့ကျင့်ရေး ၁၀ တပ်ဘက်ကို ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

“သီလရှင်ကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရှေ့တိုးလာတာရှိတယ်၊ ကျနော်တို့ ရှေ့မတိုးနိုင်အောင် ဘုန်းကြီးကျောင်းဘက်ကို တပ်ကူမပေးနိုင်အောင် ကာပေးတာဆိုတော့ အဲ့ဒီဘက်ကကို အဓိကထားတာမဟုတ်ဘူး၊ အဲ့ဒီဘက်ကိုလည်း ကျည် ၈၀ လောက် သုံးလိုက်ရပါတယ်၊ လေ့ကျင့်ရေး ၁၀ နဲ့ ကလည်းနီးတော့ ဟောင်ဝစ်ဇာတွေနဲ့လည်း လှမ်းပစ်ကြပါတယ်” လို့ သူက ပြောပါတယ်။

ဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ ဇွန်လပိုင်းကလည်း ပထမ အကြိမ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိပေမယ့် ဘုန်းကြီးကျောင်းထဲကနေ ဆုတ်ခွားသွားတာ မရှိခဲ့ဘဲ အခု ဒုတိယအကြိမ်တိုက်တဲ့အချိန်ကျမှ ဘုန်းကြီးကျောင်းက ဆုတ်ခွာသွားကြတာလို့ ဆိုပါတယ်။

“ကျနော်တို့ ပထမတကြိမ်၊ ဒုတိယတကြိမ် ၂ ကြိမ်တိုက်တာ၊ ပထမတကြိမ်ကဆို သူတို့ပြန်ထွက်ဖို့ကို အစီအစဉ် မရှိတဲ့သဘောပါ၊ (ဒုတိယအကြိမ်က) ကျနော်တို့က စုပေါင်းအင်အားများတဲ့အခါဆိုတော့ ငါးကျင်း (စက်လက်အကြီး) သုံးလေးလက်လောက်ပါတယ်၊ ကျန်တဲ့ RPG တွေ လလ တွေနဲ့တိုက်ခိုက်တာ ဆိုတော့ သူတို့ မခံနိုင်လို့ပြန်ဆုတ်ပြေးသွားတာ၊ သူတို့ဘက်ကလည်း တော်တော်ကို ခံပစ်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို People Defence Organization of Budalin ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဘုတလင် တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင်တပ်ရင်း (၂၀) BOB၊ အရာတော် (မြို့နယ်ပကဖ) အဖွဲ့၊ အရာတော် တိုက်နယ်အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ (၆၆) နဲ့ ရေဦးမြို့နယ် ကိုကင်းတိုက်နယ်အဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စာတည်း – လင်း ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။