ရေးသားသူ – မြတ်
“တပ်ရင်းမှူးရောင်းရန်ရှိသည်” ဆိုတဲ့ အရောင်းပိုစ့်တခုက လူမှုကွန်ယက်ပေါ်မှာ စိတ်ဝင်စားသူများခဲ့ပါတယ်။ ဒါဟာ ၉၇၀၆ တပ်ရင်း (ဒေါင်းနီတပ်ဖွဲ့)ရဲ့ တပ်ရင်းမှူးကို ကျပ်သိန်း ၁၀၀ နဲ့ရောင်းချဖို့ ကမ်းလှမ်းဖော်ပြခဲ့တဲ့ ပိုစ့်တခုပါ။
ရောင်းချခံရသူက အသက် ၃၁ နှစ်အရွယ် တပ်ရင်းမှူး ဗိုလ်လက်ျာ ဖြစ်ပြီး စကားပြောကောင်း၊ ရုပ်ရည် သန့်ပြန့်တဲ့ လူပျိုကြီးဖြစ်ပါတယ်။ တပ်ရင်းမှူးတောင် ထုတ်ရောင်းနေရတဲ့ ၉၇၀၆ တပ်ရင်းဟာ တိုက်ပွဲဖော်ဖို့ ကျည်ဆန်လိုအပ်ချက်မြင့်မားနေတာကြောင့်ပါ။
တပ်ရင်းမှူးကိုရောင်းချခဲ့သူ ဒေါင်းနီတပ်ဖွဲ့ရဲ့ တပ်ရေးဗိုလ် ဗိုလ်လေးလုံးက “ရှေ့တန်းမှာ လက်နက်ခဲယမ်း လိုအပ်လို့ဆိုပြီး ကျနော်တို့နောက်မှာထားထားတဲ့ သက်စောင့်ဂန်း(သေနတ်)တွေတောင် ပေါင်ပြီး ခဲယမ်းဖြည့်တင်းထားရတယ်။ အဲ့တော့ ကျနော်တို့အနေနဲ့ နောက်ထပ်ခဲယမ်းဖြည့်ဖို့ ဘာမှလည်း အဆင်မပြေတာနဲ့ ဒီ Content လေး ခေါင်းထဲပေါ်လာတော့ တပ်ရင်းမှူးကိုတောင်မတိုင်ပင်ဘဲ တင်ဖြစ်သွားတယ်” လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ ဒေါင်းနီတပ်ဖွဲ့ဟာ ၂၀၂၁ အောက်တိုဘာလကတည်းက စစ်ကိုင်းတိုင်းမှာ တည်ထောင်ခဲ့တာဖြစ်ပြီး အခုနှစ်မေလကမှ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ၉၇၀၆ တပ်ရင်းအဖြစ် တပ်ရင်းအသိအမှတ်ပြုကုဒ် ရရှိထားတာလည်း ဖြစ်ပါတယ်။
လူငယ် သူငယ်ချင်း ၄ ဦးကနေ အစပြုခဲ့တဲ့ ဒီတပ်ဖွဲ့ဟာ အခုဆိုရင် အင်အားရာချီတဲ့အထိ တပ်ဖွဲ့ဝင်တွေရှိနေပြီး ၁၀၂၇ စစ်ဆင်ရေးအပါအဝင် တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်နေတဲ့တပ်ဖွဲ့ ဖြစ်ပါတယ်။
ဒီတပ်ဖွဲ့ကို ဦးဆောင်သူ ဗိုလ်လက်ျာက ၂၀၁၇ ကတည်းက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ လူငယ်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးပါ။
ဆန်ပွဲရုံပိုင်ရှင်၊ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖြတ်သန်းခဲ့တဲ့ ဗိုလ်လက်ျာက ၂၀၂၁ မှာပဲ စီးပွားရေးလုပ်ငန်းရှင်ဘဝကနေ လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်တဦးအဖြစ်ကို ကူးပြောင်းဖို့ ဖြစ်လာပါတယ်။
“ပထမဆုံးက ထောက်ပို့လုပ်နေတာပါ။ အဲဒီမှာ သတင်းရတာနဲ့ စစ်ကိုင်းဘက်ကိုထွက်လာခဲ့တာ။ အဲ့ဒီနောက် လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ဆုံးဖြတ်လိုက်တာ”လို့ ဗိုလ်လက်ျာက ပြောပါတယ်။
တပ်ရင်းစတင်တည်ထောင်ချိန်မှာ ရန်ကုန်မှာနေထိုင်စဉ်စီးခဲ့တဲ့ကားကို ရောင်းချကာ AK အမျိုးအစားမောင်း ပြန်ရိုင်ဖယ်တွေ ဝယ်ယူအစပြုခဲ့ပြီး တပ်သက်တမ်း ၂ လခန့်ကြာမြင့်ချိန်အတွင်းမှာပဲ တပ်ဖွဲ့ဝင်အင်အားဟာ တပ်ရင်းတခုခန့်အထိ များလာတာကြောင့် တပ်ဖွဲ့စစ်အသုံးစရိတ်အတွက် သူငယ်ချင်း ၄ ဦးပိုင်ဆိုင်သမျှကို ထပ်မံရောင်းချရပြန်ပါတယ်။

” အဲဒီတုန်းက အင်တာနက်လိုင်းတွေလည်း အဖြတ်ခံထားရတယ်လေ။ တပ်ရင်း Page (ဖေ့ဘွတ် လူမှုကွန် ယက်စာမျက်နှာ)လည်းမရှိသေးတော့ တော်တော်ရုန်းကန်ခဲ့ရတယ်”လို့ ဗိုလ်လက်ျာက ပြန်ပြောပြပါတယ်။
အဲဒီနောက် လက်နက်ခဲယမ်းနဲ့ စစ်ရေးအတွေ့အကြုံယူဖို့ မိုးကုတ်-သပိတ်ကျင်း-ကျောက်မဲ-နောင်ချို မြို့သိမ်းတိုက်ပွဲတွေလို ကြီးမားတဲ့ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ဖို့ ဖြစ်လာပါတယ်။
ဒါကြောင့် ဒေါင်းနီတပ်ရင်းမှူးဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅၀ ဦးဟာ ၂၀၂၃ အောက်တိုဘာလမှာ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းရဲ့ စခန်းသိမ်း၊မြို့သိမ်းတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ရပြီး အဲ့ဒီထဲက နောင်ချိုမြို့အခြေစိုက် အမှတ် ၁၁၄ ခြေလျင်တပ်ရင်း၊ အမှတ် ၁၁၅ ခြေလျင်တပ်ရင်းတွေကို သိမ်းပိုက်တဲ့တိုက်ပွဲတွေဟာ ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။
“ပထမ မိုးကုတ်ဗျူဟာနဲ့ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်။ လုပ်ပြီးတော့ MDY-PDFနဲ့ ပြန်ပေါင်း။အဲဒီမှာ ပေါင်းပြီးမကြာဘူး စစ်ဆင်ရေးလုပ်ရတာ။အဲဒီမှာ နောင်ချိုမြို့နယ်၊ သရက်ကုန်းစစ်ဆင်ရေးလုပ်ရတာမှာ ကျနော်တို့အထဲက ဒုစစ်ရေးတာဝန်ခံကျတယ်။ပြီးတော့မကြာဘူး တရက်နှစ်ရက်ပဲ ရှိသေးတယ်။ ခွဲမှူးနှစ်ယောက်စလုံးကျတယ်။ နောက်ထပ်ရဲဘော်တယောက်လည်း ၄၀ မမ နဲ့ ခေါင်းမှန်ပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ဒါတွေက မှတ်မှတ်ရရတိုက်ပွဲအခြေအနေတွေပဲ”လို့ ဗိုလ်လက်ျာက ပြောပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးတွေကနေပြန်လာပြီးတဲ့နောက် အခုနှစ်ဇူလိုင်လအတွင်းက ရွှေဘိုမြို့နယ်က စစ်ကော်မရှင်တပ်ရဲ့အရေးပါတဲ့ ဟင်္သာကြီးရွာပျူစောထီးအထိုင်စခန်းအပါ ဗျူဟာကုန်း ၃ ကုန်းကို ဒေသတွင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်။

ကျောက်မြောင်းအခြေစိုက် ခမရ ၁၅ က ဗိုလ်မှူးအဆင့်ရှိသူ ဦးဆောင်အထိုင်ချပြီး လူ၊ လက်နက်၊ ခဲယမ်းအင်အားတောင့်တင်းတဲ့ ဗျူဟာကုန်းစခန်းတွေဖြစ်တဲ့အလျောက် လွယ်လွယ်ကူကူတိုက်ခိုက်နိုင်ခဲ့တာမဟုတ်ဘဲ တော်လှန်ရေးပူးပေါင်းတပ်တွေလည်း တနေ့လုံးအသည်းအသန်တိုက်ခိုက်ခဲ့ရတာပါ။
အဲ့ဒီတိုက်ပွဲတွေကို ဒေါင်းနီတပ်ဖွဲ့အပါ PDF တပ်ရင်း ၆ ရင်း ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း တပ်ရင်း ၆ ရင်းပေါင်း လက်နက်ငယ်ကျည်ဆန် ၁ သိန်းကျော်အထိ အသုံးပြုတိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။
” နာရီဝက်လောက် နင်လား၊ငါလား၊ Battle (တိုက်ပွဲ)ဆိုင်ရပြီဆိုရင် တပ်စိတ်တစိတ်၊ နှစ်စိတ်တောင် ရာချီပြီးကုန်တာ။ ကျည်လိုအပ်ချက်က အရမ်းကိုမြင့်မားတယ်” လို့ တိုက်ပွဲအတွေ့အကြုံကို ဗိုလ်လက်ျာက ပြန်ပြောပြပါတယ်။
အဲ့ဒီတိုက်ပွဲမှာ အသုံးပြုရတဲ့ကျည်ဆန်တွေ ပြန်လည်ဖြည့်တင်းဖို့လိုအပ်တာကြောင့် ကြံရမရဖြစ်ပြီး တပ်ရင်းမှူးကို ရောင်းချတဲ့ပိုစ့်ကို လူမှုကွန်ယက်မှာတင်ဖြစ်ခဲ့တာလို့ တပ်ရေးဗိုလ်က ပြောပါတယ်။
“လတ်တလောကြုံတွေ့နေရတာက စစ်ဆင်ရေးကာလဖြစ်တော့ ကျနော်တို့ရဲဘော်တွေကို ကျည်ကာအင်္ကျီတွေ၊ ဦးထုပ်တွေ ဆင်ပေးနိုင်ဖို့ လုံးပန်းနေရတယ်” လို့ တပ်ရေးဗိုလ် ဗိုလ်လေးလုံးက ပြောပါတယ်။

တပ်ရင်းမှူးကို ရောင်းချတဲ့ပို့စ်ဟာ လူမှုကွန်ယက်မှာ စိတ်ဝင်စားသူများပြားခဲ့ပြီး ထောက်ပို့အဖွဲ့တခုက ကျပ် သိန်း ၁၀၀ နဲ့ ဝယ်ယူမှုအပါအဝင် အဲဒီအရောင်းပို့စ်ကနေ ကျပ်သိန်း ၃၀၀ ခန့်အထိ ထောက်ပံ့ငွေရရှိခဲ့တယ်လို့ ဒေါင်းနီတပ်ဖွဲ့ဆီက သိရပါတယ်။
ကျည် ၁ တောင့်ကို လက်ရှိအနိမ့်ဆုံး ပေါက်ဈေးက ၅,၆၀၀ ကျပ်ပါ။ သိန်း ၃၀၀ ဆိုရင် ကျည် ၅၀၀၀ ကျော်ပဲရပါတယ်။ ဟင်္သာကြီးရွာတိုက်ပွဲဟာ တပ်ရင်း ၁ ရင်းကို ကျည် ၂ သောင်းဝန်းကျင် ကုန်ကျခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီရရှိငွေဟာ ဟင်္သာကြီးရွာစခန်းသိမ်းတိုက်ပွဲတွေမှာအသုံးပြုခဲ့တဲ့ ကျည်ဆန်ဖိုး ကုန်ကျငွေတချို့ကိုသာ ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့ပြီး လက်ရှိ လက်နက်နဲ့ကျည်ဆန်ဖိုး ကျပ်သိန်း ၁,၅၀၀ ကျော် အကြွေးတင်နေသေးတယ်လို့ တပ်ရင်းမှူးဗိုလ်လက်ျာက ပြောပါတယ်။
ရှမ်းမြောက်နဲ့မန္တလေးမှာ ပါဝင်ခဲ့ရတဲ့ ရှမ်း-မန်းနဲ့ တပ်ရင်းအခြေစိုက်ရာ အညာမြေစစ်ဆင်ရေးတွေမှာ ဒေါင်းနီတပ်ဖွဲ့အတွက် ဝမ်းနည်းဖွယ်ရာပေးဆပ်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ရှမ်း-မန်းစစ်ဆင်ရေးကာလ ၁ နှစ်ခွဲအတွင်း ဒေါင်းနီတပ်ဖွဲ့ဝင် ၉ ဦး တိုက်ပွဲကျသေဆုံးခဲ့မှုအပါအဝင် တပ်ဖွဲ့ သက်တမ်း ၄ နှစ်အတွင်း တပ်ဖွဲ့ဝင် ၁၂ ဦးအထိ အသက်ပေးထားရပါတယ်။ အများစုက နောင်ချိုမြို့နယ် စစ်ဆင်ရေးမှာ ကျဆုံးခဲ့တာပါ။
ဒေါင်းနီတပ်ဖွဲ့ဟာာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့တပ်ရင်းတခုဖြစ်ပြီး ဝန်ကြီးဌာနကတာဝန်ပေးတဲ့နေရာတွေမှာ တပ်ဖွဲ့ဝင်တွေစေလွှတ်တိုက်ခိုက်နေရပေမယ့် တပ်ရင်းအသိအမှတ်ပြု နံပါတ်ရရှိပြီး ၆ လအကြာ ယခုနိုဝင်ဘာလအထိ ငွေကြေးနဲ့ ရိက္ခာအထောက်အပံ့တစုံတရာမရရှိခဲ့ဘူးလို့ သိရပါတယ်။
” ကိုယ့်သေနတ်ကို ဝယ်သုံးနေရတဲ့အနေအထားရှိတယ်။ သေနတ်တလက်ရဖို့ ပိုက်ဆံတွေစုရတယ်။ လုပ်ရတယ်။ ကိုယ်ပိုင်ပိုက်ဆံရှိရင်လည်း စိုက်ပြီးဝယ်ရတယ်။ တခါတလေ အတိုးတွေယူပြီး ဝယ်ရတယ်။ အဲ့ဒါနဲ့တင် ပြီးသွားတာမဟုတ်ဘူး။ အဲ့သေနတ်မှာသုံးမယ့် ကျည်လိုအပ်ချက်တွေက အများကြီးပဲ။ တပ်ရင်းတိုင်း တပ်ရင်းတိုင်းမှာ အခက်အခဲတွေရှိတယ်။ တိုက်ပွဲတိုက်နေရတဲ့သူတွေ ရဲဘော်တိုင်းနီးပါးသိတယ်”လို့ ဗိုလ်လက်ျာက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးက လက်နက်ငယ်ခွဲတမ်းတချို့ရရှိခဲ့ပေမယ့် လုံလောက်တဲ့အရေအတွက်မဟုတ်ဘဲ သိန်း ၁၀၀ တန် ဗိုလ်လက်ျာတို့တပ်ရင်းမှာ ပျက်စီးနေတဲ့ မောင်းပြန်သေနတ် ၁၅ လက်သာ လတ်တလောပြစရာရှိတယ်လို့ ဆိုပါတယ်။
ကောင်းမွန်တဲ့ မောင်းပြန်သေနတ်တွေကို ရှေ့တန်းစစ်ဆင်ရေးတွေမှာ လိုက်ပါနေတဲ့ တပ်ဖွဲ့ဝင်တွေဆီ ဦးစားပေး ပို့ပေးထားရပြီး နောက်ချန်တပ်ဖွဲ့ဝင်တွေကတော့ ပျက်စီးမှုရှိနေတဲ့ သေနတ်တွေကို ပြင်ဆင်အသုံးပြုနေရတာပါ။

ဒေါင်းနီတပ်ဖွဲ့ဟာ ဝက်လက်၊ စစ်ကိုင်း၊ မတ္တရာမြိုနယ်တွေအထိအပြင် ၁၀၂၇ ဒုတိယပိုင်းနဲ့ ရှမ်း-မန်းစစ်ဆင်ရေးတွေမှာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့သက်တမ်း ၄ နှစ်အတွင်း သင့်တင့်တဲ့ တိုက်ပွဲအတွေ့အကြုံတွေရရှိထားသလို တိုက်ရည်ခိုက်ရည်လည်းကောင်းမွန်လာတယ်လို့ ပူးတွဲတိုက်ခိုက် နေတဲ့ တပ်ရင်းတချို့က ပြောပါတယ်။
လက်ရှိမှာ NUG MOD ကွပ်ကဲမှုနယ်မြေတချို့မှာ ဝန်ကြီးဌာနညွှန်ကြားချက်နဲ့ တိုက်ပွဲတွေဖော်ဆောင်နေရသလို တပ်ရင်းအခြေစိုက်ထားတဲ့ ဝက်လက်မြို့နယ်ကို စစ်ကော်မရှင်တပ်ဖွဲ့က စစ်ကြောင်း ၅ ကြောင်းခွဲကာ အင်အားအလုံးအရင်းနဲ့ ရက်ရှည်စစ်ကြောင်းထိုးနေတာကြောင့် ပြန်လည်ခုခံဖို့ ကျည်ဆန်လိုအပ်ချက်တွေရှိနေတယ်လို့ တပ်ရင်းမှူး ဗိုလ်လကျ်ာက ပြောပါတယ်။
“ပြည်သူတွေအနေနဲ့ တော်လှန်ရေးမပြီးမချင်း တတ်နိုင်သမျှနိုင်တဲ့ဘက်ကနေ နိုင်သလောက်ထည့်ဝင်ပြီး တကယ်အလုပ်လုပ်နေတဲ့သူတွေလည်းအားရှိအောင် နောက်ပြီး တကယ်စကစကိုတော်လှန်နေတဲ့၊စစ်ကြောင်းတွေကိုချေမှုန်းမယ့် တပ်ရင်းတပ်ဖွဲ့တွေအတွက် ထောက်ပို့ပေးကြပါဦးလို့ ပြောချင်ပါတယ်”