ပျော်ဘွယ်၊ ဇွန် ၁၁၊ ၂၀၂၅။
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့မြောက်ဘက်အထွက် နီလာရိုးမစက်သုံးဆီဆိုင်အနီး ရန်ကုန်-မန္တလေး လမ်းပိုင်းမှာ ကားက ဆိုင်ကယ်ကိုဝင်တိုက်ခဲ့တာကြောင့် ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။
ဇွန် ၁၀ ရက်ညနေ ၃ နာရီခန့်မှာ ပျော်ဘွယ်မြို့ဘက်နေ မန္တလေးဘက်ကို ဦးတည်ပြီးမောင်းလာတဲ့ ဆိုင်ကယ်ကို နောက်ကမောင်းလာတဲ့ လိုက်ထရပ်ယာဥ်က ကျော်တက်ရာမှာ ယာဥ်တိုက်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
“ကားက ဆိုင်ကယ်ကိုတိုက်ပြီးတော့ ကားရှေ့အောက်ထဲ ဆိုင်ကယ်ကဒရွတ်တိုက်ပါသွားတာ။ ကားက လမ်းဘေးထိုးကျတိမ်းမှောက်နေတယ်။”လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာတဲ့ ပျော်ဘွယ်မြို့နယ်၊ ဧကရာဇ်ကုန်းအုပ်စု၊ ရေလယ်ကွေ့ ကျေးရွာမှာနေထိုင်သူ အသက် ၂၀ အရွယ် အမျိုးသား ၂ ဦးတို့ နေရာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်လိုက်ထရပ်ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ ပျော်ဘွယ်မြို့မှာနေထိုင်သူ အမျိုးသား ၃ ဦး ဒဏ်ရာရခဲ့ပြီး ပျော်ဘွယ်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူက ပြောပါတယ်။
သေဆုံးသွားသူ ၂ ဦးရဲ့အလောင်းတွေကိုတော့ ဇွန် ၁၁ ရက်မှာ ဆေးရုံကနေနေအိမ်ပြန်သယ်ပြီး နာရေးပြုလုပ်သွားမယ်လို့ သိရပါတယ်။
မေ ၉ ရက်ကလည်း ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရေတာရှည်မြို့နဲ့ ကေတုမတီမြို့သစ်ကြား မြောက်နမ်ချွန်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းမှာ ဆီဘောက်ဆာ ၂ စီးတိုက်ပြီး ၃ ဦးသေ ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း