မြေလတ်အသံ၊ ဇွန် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာစခန်းသိမ်းတိုက်ပွဲကိုပို့ခံရတဲ့ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ ဇွန် ၁၅ ရက်ဒီကနေ့မှာ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဘက်ပြောင်းလာသူမှာ အသက် ၄၀ အရွယ် တပ်သား ထက်လင်းအောင် (ခ) ကျော်ကို ဖြစ်ပြီး MA1 ၁ လက်၊ ကျည် ၄၅ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ M 14 နင်းမိုင်း ၁ လုံးနဲ့ အတူ ဇွန် ၆ ရက်မှာ စစ်ကြောင်းကနေထွက်ပြေးလာတာလို့ ဆိုပါတယ်။
“ဖုန်းတွေကတော့ သိမ်းခံထားရတယ်တဲ့။ စစ်ကြောင်းကနေထွက်ပြေးလာပြီး ရွာတွေက ဘယ်ဘက်ရှိတာလဲမေးပြီး အလင်း၀င်လာတာပါ။ ပုလဲနယ်မရောက်ခင်ကတည်းက အလင်း၀င်ဖို့ စစ်ကြောင်းထဲမှာပါတဲ့ စိတ်ချင်းတူတဲ့ ၂ ယောက် ညှိထားရာကနေ အလင်း၀င်မဲ့ နောက်တယောက်က ထိတွေ့မှုဖြစ်ပြီးကျသွားလို့ တယောက်တည်း စစ်ကြောင်းထွက်ပြေးလာတာ။”လို့ ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။
ထက်လင်းအောင်ဟာ မုံရွာမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ်ကနေ တိုက်ပွဲပြင်းထန်နေတဲ့ ကန့်ဒေါင့်စခန်းကို ရဟတ်ယဉ်နဲ့စစ်ကူပို့လာတဲ့ အင်အား ၁၄၀ ပါစစ်ကောင်စီအဖွဲ့တွေနဲ့ ပါဝင်လာခဲ့တာလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ဇွန် ၂ ရက်မှစကာ တော်လှန်ရေးတပ်ဖွဲ့တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကန့်ဒေါင့်ကျေးရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲဟာ ဇွန် ၁၅ရက်ဒီကနေ့အထိ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းကနေ နေ့တိုင်းဗုံးကြဲနေတာကြောင့် ဒေသခံထိခိုက်သေဆုံးမှုရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ ထက်လင်းအောင်အနေနဲ့ သူနေရပ်ကိုပြန်ရင်ဖမ်းဆီးခံရမှာစိုးလို့ နေရပ်ကိုမပြန်ဘဲ မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်းမှာပဲ လွတ်လွတ်လပ်လပ်နေထိုင်ခွင့်ပြုထားတယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့ခံတဦးဖြစ်တဲ့ ထက်လင်းအောင်ဟာ ၂၀၂၄ အောက်တိုဘာလမှာ ပန်းတတော်မြို့မရဲစခန်းမှာ အချုပ်ကျခံနေရာကနေ အမှတ် ၅ ခြေမြန်တပ်သားသစ်အဖြစ် ခေါ်ဆောင်ခံရကာ စစ်သင်တန်း ၅ လပြီးဆုံးပြီးနောက် ရေနီမြို့နဲ့ တောင်ငူမြို့ နယ်တို့က စစ်မြေပြင်မှာ တာဝန် ၂ လထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၆ ရက်ကလည်း ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေရဲစခန်းက အသက် ၃၇ နှစ်အရွယ် ရဲတပ်ကြပ် ၁ ဦး BA 63 (G3) သေနတ် ၁ လက်နဲ့ ကျည်အချို့၊ လက်ပစ်ဗုံး ၁ လုံးယူဆောင်ကာ ပုလဲမြို့ နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ထံ အလင်းဝင်ရောက်လာတာလို့ သိရပါတယ်။
စာတည်း – လင်း