အုတ်တွင်း၊ စက်တင်ဘာ ၃၀၊ ၂၀၂၅ ။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့အနီးက ပြောင်သေချောင်းရေ ရုတ်တရက်တက်လာလို့ အနိမ့်ပိုင်းနေရာတွေ ရေဝင်ရောက်နစ်မြုပ်ပြီး ညောင်ခြေထောက်ဆေးရုံကလူနာတွေကိုလည်း အရေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
မိုးသည်းထန်စွာရွာတာကြောင့် စက်တင်ဘာ ၃၀ ရက် ဒီကနေ့မနက် ၅ နာရီလောက်မှာ ပြောင်သေချောင်းရေက ရုတ်တရက်မြင့်တက်လာတာဖြစ်ပြီး ဆေးရုံဝန်းအတွင်းနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ၃ ပေကနေ ၄ ပေကျော်လောက်အထိ ဝင်ရောက်လာခဲ့တာလို့ ဆိုပါတယ်။

” လူနာကုတင်တွေဆို ထိလုထိခင်ထိဖြစ်တယ်။ (ဆေးရုံ)ဝန်းထဲမှာဆို လူ ချက်လောက်ရောက်တယ်။ ဆေးရုံထဲမှာတော့ လူနာကုတင်တွေ နှုတ်ခမ်းနားလောက်ရောက်တယ်။ အရပ်ပုတဲ့သူတွေဆို ရင်ဆို့လောက် တက်လာတယ်။ လူနာ ၂၀ ကျော်ရွှေ့ရတယ်”လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ဆေးရုံအတွင်းရေဝင်တာကြောင့် ဆေးရုံတက်လူနာတွေကို လူမှုကူညီရေးအသင်းကားတွေနဲ့ ကျွဲပွဲမြို့ဆေးရုံကို အရေးပေါ်ပြောင်းရွှေ့ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

ဆေးရုံအနီး မြို့ပေါ်ရပ်ကွက် ၂ ခုနဲ့ အနိမ့်ပိုင်းတွေမှာလည်း ရေ ၃ ပေကျော်လောက်တက်နေပြီး ဒေသခံတွေကတော့ နေအိမ်အပေါ်ထပ်တွေကို တက်ရောက်နေထိုင်နေကြကာ ရွှေ့ပြောင်းရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ချောင်းရေကြောင့် အုတ်တွင်းမြို့နယ်အတွင်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာလည်း ရေ ၁ ပေ ကျော်တက်နေပေမယ့် လက်ရှိအထိ လမ်းအသုံးပြုတဲ့ ကားတွေကတော့ ပုံမှန်ဖြတ်သန်းသွားလာနိုင်သေးတယ်လို့ သိရပါတယ်။

အလားတူ အုတ်တွင်းမြို့နယ် စစ်တောင်းမြစ်ကမ်းဘေး ကျောင်းစု၊ ပဲကြီးခုံကျေးရွာတွေမှာ စစ်တောင်းမြစ်ရေတက်လာတာကြောင့် ရေ ၂ ပေ လောက် ကျေး ရွာတွေအတွင်း ဝင်ရောက်နေပြီး လူတွေရွှေ့ပြောင်းရတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
စာတည်း – ဟိန်းစံ