ဖြူး၊ စက်တင်ဘာ ၉၊ ၂၀၂၅။
ပဲခူးတိုင်း၊ ကညွတ်ကွင်းမြို့မှာ ကားနဲ့ကင်းလှည့်ကာ ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်နေတဲ့ စစ်ကော်မရှင်တပ်က ဆိုင်ကယ်စီးလာတဲ့ ညီအကို ၂ ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
သေဆုံးသူတွေဟာ ကညွတ်ကွင်းမြို့၊ စက်တောင်ရပ်ကွက်နေ အသက် ၂၈ နှစ် စည်လင်းထက်နဲ့ ညီဖြစ်သူ အသက် ၂၄ နှစ် ညီလင်းထက်တို့ ဖြစ်ပြီး စက်တင်ဘာ ၆ ရက် ည ၉ နာရီခန့်မှာ နေအိမ်ကနေ မြို့တွင်းကိုသွားရောက်စဥ် လျှပ်စစ်ရုံးအနီးအရောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့တိုးပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။
” ညီအကိုနှစ်ယောက် ထမင်းကြော်သွားဝယ်စားတာကို ပေါ်တာဆွဲတဲ့ကားနဲ့တိုးပြီး “ဟေ့ကောင်တွေမင်းတို့လာအုန်း” ဆိုတော့ သူတို့က ကြောက်ပြီး အရှေ့ကိုမောင်းပြေးတာမှာ ကားက သူတို့ကိုကျော်ရပ်ပြီး ပစ်လိုက်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဖြူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ကညွတ်ကွင်းမြို့စစ်ကော်မရှင်တပ်က ညဘက်ကင်းလှည့်ချိန်တွေမှာ လမ်းပေါ်တွေ့ရှိတဲ့ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်မှုထမ်းဖို့ ပို့ဆောင်လေ့ရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ကနဦးပစ်ခတ်ခံရအချိန်မှာ ဆိုင်ကယ်မောင်းသူ စည်လင်းထက် ကျည်ထိမှန်သွားတာကြောင့် ဆိုင်ကယ်မှောက်သွားချိန် ညီဖြစ်သူကိုပါ စစ်ကော်မရှင်တပ်က ထပ်မံပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
“အကြီးကောင်ကို ၃ ချက်ပစ်ခံရလို့ ဆိုင်ကယ်မှောက်ပြီးလဲချိန် ညီဖြစ်သူက သွားထူတဲ့အချိန် ညီဖြစ်သူကိုပါ ၇ ချက်လောက်ပစ်သွားတာ”လို့ သူက ပြောပါတယ်။
ပစ်ခတ်ခံရလို့ စည်လင်းထက်နဲ့ ညီလင်းထက်မှာ ရင်ဘတ်၊ ဦးခေါင်းနဲ့ လက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့နေရာမှာ သေဆုံးသွားခဲ့ပြီး ၎င်းတို့ရုပ်အလောင်းတွေကို စစ်ကော်မရှင်တပ်ဖွဲ့တွေက ဖြူးမြို့ဆေးရုံကိုပို့ဆောင်ခဲ့တာပါ။
အဲ့ဒီနောက် ရုပ်အလောင်းတွေကိုနေအိမ်ဆီသယ်ဆောင်ခွင့်မပေးဘဲ စက်တင်ဘာ ၇ ရက်မှာ မိသားစုအနည်းငယ်နဲ့ ဖြူးမြို့မှာပဲ သင်္ဂြိုဟ်ခွင့်ပြုခဲ့ကာ သေဆုံးသူ ညီအကို ဟာ PDF တပ်ဖွဲ့ဝင်ဆိုပြီး စစ်ကော်မရှင်ဘက်က သတင်းလွှင့်ထားတယ်လို့ အထက်ပါမြို့ခံက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်မှာလည်း ဖြူးမြို့နယ်၊ မြို့ချောင်းရွာတံတားအပေါ်မှာ အောင်စည်ယွန်းကျေးရွာက ဒေသခံလူငယ် ၂ ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ခဲ့လို့သေဆုံးခဲ့ပါသေးတယ်။
စာတည်း – မြတ်