မကွေး၊ မတ် ၃၊ ၂၀၂၅။
မကွေးမြို့မှာ ဟော့ပေါ့စားဖို့ဂက်စ်မီးဖို့ဖွင့်ရာက ပေါက်ကွဲမှုဖြစ်ပြီး လူငယ်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။
ဆားစည်ရပ်ကွက်၊ ကမ်းနားလမ်းညစျေးရှိ ဟော့ပေါ့ဆိုင်တဆိုင်မှာ မတ် ၂ ရက် မနေ့ညနေ ၅ နာရီခန့်က စားသုံးသူတွေက အသားပြုတ်ဖို့ဂက်စ်မီးဖိုဖွင့်ချိန်မှာ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
” ဟော့ပေါ့စားရင်း ဖြစ်တာပါ။ ဂက်စ်ဘူးအသေးကနေ ဆော့ကတ်မလုံတာနဲ့ မီးဖွင့်လိုက်တဲ့အချိန်မှာ ဖြစ်သွားတာ။ ထိတာက ၂ ယောက်ထဲပါ။ ဆိုးဆိုးရွားရွားဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ၂ ယောက်ကတော့မီးဟပ်တဲ့ဒဏ် များသွားတာပါ။” လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတဦးက မြေလတ်အသံကို ပြောပါတယ်။


ဂက်စ်အိုးပေါက်ကွဲတာကြောင့် စားသောက်ဝိုင်းမှာထိုင်နေတဲ့ လူငယ် ၄ ဦးအနက် အသက် ၂၀ အရွယ် အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၁ ဦးတို့ မျက်နှာနဲ့လက်တွေမှာ မီးလောင်ဒဏ်ရာတွေရသွားတယ်လို့ ဆိုပါတယ်။
ဂက်စ်အိုးပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသွားတဲ့လူငယ်တွေကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက မကွေးပြည်သူ့ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြပြီး ဆေးကုသမှုခံယူနေကြရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ