SNAနဲ့ပူးပေါင်းတပ်တွေတပ်စွဲထားတဲ့ နားယကာရွာက နေအိမ်နဲ့စျေးဆိုင်တွေ မီးရှို့ခံရ
မြေလတ်အသံ၊ အောက်တိုဘာ ၂၈၊ ၂၀၂၅။
တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က မြို့မရဲစခန်း နဲ့ သစ်တောဦးစီးဌာနရုံးတွေမှာ လက်နက်ကြီးဗုံးသီးကျရောက်ပေါက်ကွဲပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။
အောက်တိုဘာ ၂၆ ရက်မနက်ပိုင်းမှာ ရှမ်းနီအမျိုးသားတပ်-SNAတွေ တပ်စွဲထားတဲ့ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကျောင်း( နတလ)နဲ့ နားယကာရွာဘုရားကုန်းတွေကနေ ပစ်ခတ်တဲ့ ၁၂၀ မမလက်နက်ကြီးဗုံးသီးတွေဟာ ရဲစခန်းနဲ့သစ်တောရုံးအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီးနောက် မီးလောင်ခဲ့တာလို့ ဆိုပါတယ်။
” (လက်နက်ကြီးကျပြီး)ဘယ်နေရာကစလို့လောင်တာလဲဆိုတာတော့ မသိဘူး။ PDF တွေ အဲ့နေရာကိုရောက်တော့ မီးလောင်နေပြီ။ (အဆောက်အဦတွေက) သစ်သားတွေနဲ့မို့ လောင်တာ” လို့ ဗန်းမောက်မြို့တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


SNA ပူးပေါင်းတပ်တွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗန်းမောက်မြို့တွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့မရဲစခန်းနဲ့ သစ်တောရုံးမှာတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က တပ်စွဲနေထိုင်တာမရှိတာကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ မီးလောင်တာကြောင့် အဆောက်အဦတွေအားလုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်ဗန်းမောက်မြို့နဲ့ ၁ မိုင်ခွဲခန့်အကွာ စစ်ကော်မရှင်နဲ့ SNA ပူးပေါင်းတပ်တွေပြန်လည်ထိန်းချုပ်ထားတဲ့ နားယကာရွာအစွန်ရှိစျေးဆိုင်တန်းနဲ့ လူနေအိမ် ၂၀ ကျော် အောက်တိုဘာ ၂၇ ရက် ယမန်နေ့ နေ့လယ် ၃ နာရီကျော်မှာ မီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။


” ရှို့ခံရတဲ့ နေရာက ဗန်းမောက်အနောက်ခြမ်းကိုထွက်တဲ့ဘက် ဗန်းမောက်နဲ့ နားယကာရွာကြားကစျေးဆိုင်တန်းတွေနဲ့ လူနေအိမ်တွေပေါ့။ ဒီတိုင်းရှို့တာ။ SNAနဲ့ စကမ အင်အား ၅၀၀ ကျော် စစ်ကြောင်းက အဲ့ရွာမှာဘဲနေတာ” လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ဗန်းမောက်မြို့မရဲစခန်း၊ သစ်တောရုံးနဲ့ နားယကာရွာအစွန်ရှိစျေးဆိုင်တန်းနဲ့လူနေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တွေက မီးရှို့ခဲ့တာလို့ ရှမ်းနီအမျိုးသားတပ်-SNA နဲ့ နီးစပ်တဲ့ ဖေ့ဘွတ်လူမှုကွန်ရက်တွေကနေ ရေးသားဖော်ပြနေကြတာပါ။
KIAနဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့အနောက်ခြမ်းရှိ နားယကာ၊ စက်တော၊ အလယ်ရွာ၊ သခွပ်တာ၊ ခိုနန်း၊ နတလကျောင်းစတဲ့နေရာတွေကို SNA ပူးပေါင်းတပ်တွေက အောက်တိုဘာလဒုတိယအပတ်မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်နဲ့ SNAတပ်တွေက ဗန်းမောက်မြို့နဲ့ ၁ မိုင်ခွဲ့ခန့်သာဝေးတဲ့ နားယကာကျေးရွာဘုရားကုန်းနဲ့ ဗန်မောက်မြို့နဲ့ ၂ မိုင်ကျော်သာကွာဝေးတဲ့ နတလကျောင်းမှာလည်း ပြန်လည်တပ်စွဲထားပြီး ဗန်းမောက်မြို့ပေါ်ကို ထိုးစစ်ဆင်နေတာပါ။
ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်တွေက စက်တင်ဘာလနောက်ဆုံးပတ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စက်တင်ဘာလကုန်ပိုင်းက စတင်ကာ SNAနဲ့ စစ်ကော်မရှင်တပ်တွေက အင်အား ၅၀၀ နဲ့ ပြန်လည်စုဖွဲ့ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ ဗန်းမောက်နဲ့ ၁ မိုင်ခွဲအကွာက ကျေးရွာတွေအထိ ပြန်ပေးထားရတာလည်း ဖြစ်ပါတယ်။
စာတည်း – ဟိန်းစံ
 
				 
								