ကျိုက်ထို၊ မေ ၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အစပ် ခရွဲကျေးရွာအနီး စစ်တောင်းမြစ်ကမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိအလောင်း ၁ လောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မေ ၄ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်မှာ ပုပ်ပွနေတဲ့ စစ်ကောင်စီဝတ်စုံဝတ်အမျိုးသားအလောင်း ၁ လောင်းကို ကမ်းနားမှာ ငါးရှာနေသူတွေက တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
” အလောင်းမှာအတိုတလက်ပါလာတယ်၊ အရာရှိအလောင်း။ စကားပြောစက်လည်းပါတယ်။ ဖားရှာငါးရှာသူတွေက အလောင်းတွေ့တော့ ကာကွယ်ရေးအဖွဲ့တွေကို အကြောင်းကြားတယ်။ သွားကြည့်တော့ စစ်ဗိုလ်အလောင်းဖြစ်နေတယ်”လို့ ခရွဲရွာခံတဦးက မြေလတ်အသံကို ပြောပါတယ်။
စစ်ကောင်စီအရာရှိအလောင်းမှာပါလာတဲ့ လက်နက်နဲ့စကားပြောစက်ကို ကာကွယ်ရေးအဖွဲ့ဝင်တွေဘက်က သိမ်းဆည်းသွားပြီး အလောင်းကိုတော့ မြစ်ထဲပြန်မျှောလိုက်တယ်လို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်အရာရှိအလောင်းဟာ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်တိုက်ပွဲမှာ သေဆုံးသွားတဲ့အလောင်းဖြစ်နိုင်ပြီး ၎င်းတိုက်ပွဲအတွင်းမှာ သေဆုံးသူတွေရဲ့အလောင်းကို ပြန်မသယ်ဘဲ စစ်တောင်းမြစ်အတွင်းမျှောလိုက်တာရှိသလို ဒဏ်ရာရသူတွေလောက်ကိုသာ လူနာတင်ယာဥ်တွေနဲ့ မြစ်ကျိုးဘက်ကို ပြန်သယ်နေတာကို သတင်းရထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးထံက သိရပါတယ်။
ဧပြီ ၁၁ ရက်ကစတင်ကာ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်၊ ညောင်ခြေထောက်ကျေးရွာတွေအနီးမှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မေ ၄ ရက်နေ့ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးများပြားနေသလို တိုက်ပွဲတွေကြောင့် ရွှေကျင်၊ ဝေါနဲ့ ကျိုက်ထိုမြို့နယ်တွေအတွင်း ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ