မြေလတ်အသံ၊ ဇူလိုင် ၂၄၊ ၂၀၂၅။
ရေးသားသူ – လင်းဝိုင် (ပြင်ပဆောင်းပါးရှင်)
တော်လှန်ရေးခရီးကို အားမာန်အပြည့်နှင့်လျှောက်လှမ်းလာခဲ့သည်မှာ လေးနှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ စွန့်လွတ်အနစ်နာခံမှုများ၊ ပင်ပန်းဆင်းရဲမှုများ၊ ညီရင်းပမာချစ်ခင်နွေးထွေးမှုများဖြင့် အဓိပ္ပာယ်ပြည့်ဝစွာ ဆင်နွှဲခဲ့ကြသောတော်လှန်ရေး၏ ပန်းတိုင်သည် ဖက်ဒရယ်ဒီမိုကရေစီ၊ လူ့အခွင့်ရေး၊ အမျိုးသမီးများအခွင့်ရေး စသော စုံလင်သည့်အခွင့်ရေးများပင်ဖြစ်သည်။
တော်လှန်ရေး လေးနှစ်တာခရီးအတွင်း စစ်ရေး၊ နိုင်ငံရေး မျက်နှာစာများတွင် မျှော်မှန်းထားသည်ထက် ပို၍ အောင်မြင်ခဲ့သော ကဏ္ဍများရှိခဲ့သလို၊ ယနေ့ထက်တိုင် လိပ်ခဲတည်းလည်း အခြေနေမှာပင် ရပ်တန့်နေသောကဏ္ဍများလည်းရှိသည်။
ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုအောက်တွင် စစ်ပွဲများကိုဆင်နွှဲနေသော ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လေးနှစ်တာကာလအတွင်း ၎င်း၏တိုးတတ်မြင့်မားသည့် စွမ်းဆောင်ရည်များကို ပြသနိုင်ခဲ့သည်။
ဗမာအများစုနေထိုင်သော မြေပြန့်ဒေသရှိနယ်မြေများတွင်ပါ အထိုက်သင့် နယ်မြေစိုးမိုးမှုများ၊ ထိန်းချုပ်ထားနိုင်မှုများကို ပြုလုပ်လာနိုင်ခဲ့သည်။ ပြည်သူတို့အနေနှင့်လည်း ယခင်က ရန်သူ့စစ်ကြောင်း၏ အန္တရာယ်ကို စိုးရွံ့ကြောက်လန့်နေရခြင်း အခြေအနေများမှ အနည်းအကျဉ်း လျော့နည်းသက်သာသွားပြီဖြစ်သည်။
သို့သော် မြေပြင်စစ်ကြောင်းဖြင့် ထိုးစစ်မဆင်နိုင်တော့သော ရန်သူသည် ဝေဟင်ထိုးစစ်များကို ပြင်းပြင်းထန်ထန်ပြန်လည် ပြုလုပ်လာခဲ့သည်။ ရန်သူ၏ ဝေဟင်ထိုးစစ်များသည် ပြည်သူ့ကာကွယ်ရေး တပ်မတော်ကို ရည်ရွယ်ပစ်မှတ်ထား တိုက်ခိုက်ခြင်းမျှသာ မဟုတ်တော့ဘဲ သာမန် အရပ်သားပြည်သူများသို့ပါ စစ်မျက်နှာဖွင့် တိုက်ခိုက်လာခြင်းဖြစ်သည်ကို တွေ့ရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် မြေပြင်စစ်ပွဲများကို သူတင်ကိုယ်တင် ဆင်နွှဲနိုင်စွမ်းရှိနေပြီဖြစ်သော်လည်း ဝေဟင်မှ အန္တရာယ်ကိုတော့ ခုခံတွန်းလှန်နိုင်စွမ်းမရှိသေးပေ။
အညာဒေသနိုင်ငံရေးမျက်နှာစာကို ပြန်၍ကြည့်လျှင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၏ ဦးဆောင်နိုင်စွမ်းမှာ လိုအပ်ချက်များ များစွာရှိနေသေးသည်။ ကြားကာလအစိုးရနှင့် မဟာမိတ်နိုင်ငံရေးအဖွဲ့စည်းများအကြားက မူဝါဒများ၊ ဆက်ဆံရေးများ၊ နိုင်ငံရေး သဘောတူညီချက်များမှာလည်း အစိုးရ၏ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်စရာများရှိနေကာ “ပသုံးလုံး ”ကဲ့သို့ ယန္တရားထူထောင်မှု၏ နောက်ဆက်တွဲ နိုင်ငံရေးအကျိုးသက်ရောက်မှုများ၊ ၎င်းတို့၏ ကျင့်ဝတ်၊စည်းကမ်းပိုင်းဆိုင်ရာများကို ထိန်းကျောင်းရာတွင်လည်း အားနည်းချက်များ ရှိနေသည်ကိုလည်း တွေ့ရသည်။
ယခု ဆင်နွှဲနေရသော တော်လှန်ရေး၏ အောင်မြင်မှုကျရှုံးမှုတို့သည် ပြည်သူလူထု၏ ထောက်ခံမှု၊ မထောက်ခံမှုနှင့် တိုက်ရိုက်အချိုးကျနေသည်ကို ကြားကာလအစိုးရနှင့် အုပ်ချုပ်ရေး အရာရှိများ သတိပြုမိဖို့လိုသည်။
ပြည်သူတို့သည် တော်လှန်ရေးကို တခဲနက်ထောက်ခံနေကြသည်မှာ အဂတိလိုက်စားခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့် အာဏာအလွဲသုံးစား ပြုလုပ်ခြင်းများ၏ အပုပ်နံ့တို့ကို ရှုရှိုက်လို၍မဟုတ်ပေ။ လွတ်လပ်သော၊ တရားမျှတသော၊ အဂတိကင်းသော အနာဂတ်သစ်ကို မျှော်မှန်း၍သာ ထောက်ခံနေခြင်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြည်သူတို့က တော်လှန်ရေးတွင် ပါဝင်နေသောသူများ၏ ကိုယ်ကျင့်တရားကို အမြဲတစေ ဆန်းစစ်လေ့လာနေလေ့ရှိသည်။
တော်လှန်ရေးသမားဆိုသူများသည် ကျင့်ဝတ်လိုက်နာမှုရှိရန်၊ အဂတိကင်းရှင်းရန် အထူးအရေးတကြီး လိုအပ်လှသည်။ ပြည်ထောင်စုအစိုးရအဆင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်နေသူများသာမက ဒေသန္တရအဆင့် အုပ်ချုပ်ရေးများတွင် ပါဝင်နေကြသူများအနေနှင့်ပါ ထိုကဲ့သို့ ရိုးရှင်းသော သဘောတရားကို နားလည်ရန်လိုသည်။
အုပ်ချုပ်ရေးကဏ္ဍသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသော ကဏ္ဍဖြစ်သည်။ ထိုကဏ္ဍက ပေးထားသော လုပ်ပိုင်ခွင့်သည် ပြည်သူကိုထိန်းချုပ်ရန်၊ လက်သင့်ရာ စားတော်ခေါ်၍ အာဏာတည်ဆောက်ရန်၊ အာဏာကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးစီးပွားရှာရန် မဟုတ်ပေ။ ရန်သူ့ စစ်အုပ်ချုပ်ရေး တဖြည်းဖြည်းချင်း ယိုယွင်းလာခြင်းမှာ မိမိတို့တော်လှန်ရေး စွမ်းဆောင်ရည် မြင့်မားကောင်းမွန်လွန်းနေခြင်းကြောင့် မဟုတ်ဘဲ ရန်သူ၏ ပြည်သူ့အပေါ်မှားယွင်းသော သဘောထားကြောင့်သာဖြစ်ကြောင်းကို တော်လှန်ရေးတွင် ပါဝင်နေသောသူများ သတိထားဆင်ခြင်မိစေချင်သည်။
တစ်နည်းအားဖြင့်ဆိုသော် ပြည်သူ့ထောက်ခံမှု မရှိခြင်းကြောင့်သာ ရန်သူ့ယန္တရားများ ယိုင်နဲ့အားနည်းနေခြင်းသာဖြစ်သည်။
နွေဦးတော်လှန်ရေးကဲ့သို့ အစုအဖွဲ့ စုံလင်သောတော်လှန်ရေးတွင် နိုင်ငံရေးရည်မှန်းချက်များ မည်မျှပင်ကွဲသည်ဖြစ်စေ ပြည်သူ့ဆန္ဒ၊ ပြည်သူ၏ အကျိုးစီးပွားကိုသာ ဦးတည်ရှေးရှုသော အန္တိမရည်မှန်းချက်များကတော့ ကွဲပြားစရာမရှိနိုင်ပါ။ တော်လှန်ရေးသမားများအနေဖြင့် ထိုအန္တိမရည်မှန်းချက်များကို အမြဲတစေနှလုံးသွင်းကြဖို့လိုပါလိမ့်မည်။
တော်လှန်ရေးကာလ ကြာမြင့်လာ၍ ဖြစ်စေ၊ အုပ်ချုပ်နယ်မြေများရရှိလာ၍ ဖြစ်စေ တော်လှန်ရေး၏ ရည်မှန်းချက်တို့သည် မေ့ကောင်းသော အရာများမဟုတ်ပါ။ ထိုရည်မှန်းချက်တို့ကိုသာ မေ့လိုက်မည်ဆိုပါက တော်လှန်ရေးသည် ပြည်သူကို မျက်နှာမူသောတော်လှန်ရေး မဖြစ်နိုင်တော့သလို၊ ပြည်သူ့ထောက်ခံမှုမရှိသော တော်လှန်ရေးသည် အမှန်မလွဲပင် ကျရှုံးမည်သာဖြစ်ပါသည်။ ကျင့်ဝတ်ကောင်းမွန်သော၊ တရားမျှတမှုရှိသော တော်လှန်ရေးတရပ်ကို ပြည်သူတို့က ထောက်ခံပံ့ပိုးကြလိမ့်မည်။
အဂတိမကင်းသော၊ ကိုယ်ကျိုးရှာသော၊ လက်သင့်ရာ စားတော်ခေါ်သော၊ အကျင့်ပျက်သော တော်လှန်ရေးကို ပြည်သူများကဆန့်ကျင်လိမ့်မည်ဖြစ်ပါသည်။ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် ဘယ်အရာမှလုပ်၍မရကြောင်းကိုတော့ ၂၀၂၁ နွေဦးတော်လှန်ရေးက သက်သေပြပြီးဖြစ်သည်။
အချုပ်ဆိုသော် ရန်သူဖက်ဆစ်စစ်တပ်တွင် နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို ရပ်တန့်နိုင်သော စွမ်းအားမရှိတော့သည်မှာ သေချာပါသည်။ နွေဦးတော်လှန်ရေးကို ပျက်စီးစေနိုင်သော အကြောင်းတရားတို့သည် တော်လှန်ရေးအတွင်းမှလာသော အဂတိများ၊ အကျင့်ပျက်ခြစားခြင်းများ၊ အာဏာ အလွဲသုံးစားပြုခြင်းများသာ ဖြစ်ပါလိမ့်မည်။