ဝက်လက်၊ ဇွန် ၁၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ဂိတ်ကြေးအခွန်ငွေကောက်ခံမှုအပေါ် ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် အခွန်ကောက်ခံမှုယာယီရပ်နားထားပြီး နှုန်းထားလျှော့ချကောက်ခံဖို့ ညှိနှိုင်းနေတယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
အခွန်ကောက်ခံမှုကို ဇွန် ၁၃ ရက်က စတင်ရပ်နားထားပြီး ယခုရက်ပိုင်းအတွင်း လမ်းပိုင်းအသုံးပြုတဲ့ယာဥ်အားလုံး အခွန်ငွေကင်းလွတ်စွာနဲ့ သွားလာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
” မိုးတွေကလည်းဆက်တိုက်ရွာနေတယ်။ စစ်ကြောင်းကလည်း စစ်ကိုင်းဘက်နေလာနေတယ်။ ရွှေဘို-မန္တလေးကားလမ်းကြောကြီးကလည်း ပိတ်နေတယ်။ အုန်းတောကနေ ဒီဘက်ခြမ်းထိပိတ်နေလို့ ရပ်နားထားတယ်။ အခွန်ကိစ္စက အဓိကဝန်ကြီးဌာနကရှင်းရမှာ ခုကကြားကာလဆိုတော့ အဆင်ပြေချောမွေ့ အောင်အောက်ခြေမှာ ညှိနှိုင်းဆောက်ရွက်ထားကြပါတယ်”လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။
အခွန်ကောက်ခံမှုကို ယခင်သတ်မှတ်ထားတဲ့ ၁ ပေပါ ၁၅,၀၀၀ ကျပ်နှုန်းကနေ လျှော့ချကောက်ခံသွားမှာဖြစ်ပြီး နှုန်းထားကို သယ်ယူလာတဲ့စက်သုံးဆီအမျိုးအစားပေါ် မူတည်သတ်မှတ်မှာဖြစ်ကာ ပြင်ဆင်ကောက်ခံမယ့်နှုန်းထားကိုတော့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အခွန်ပြန်လည်ကောက်ခံမည့်အခြေအနေကိုတော့ ဒေသခံတွေသိရှိအောင် ပြန်လည်အသိပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်အတွင်းခရိုင်ချင်းဆက်လမ်းတွေမှာ ဖွင့်လှစ်ထားတဲ့ ရှိန်းမကားတိုက်နယ်ပကဖအဖွဲ့ ဂိတ်တွေက စက်သုံးဆီသယ်ယူတဲ့ကားတွေကို အခွန်အနေနဲ့ ၁ ပေပါ ၁၅,၀၀၀ ကျပ်နှုန်းကောက်ခံတာကြောင့် ဇွန် ၁၁ နဲ့ ၁၂ ရက်တွေမှာ မင်းကုန်းလေးရွာအနီးမှာ စက်သုံးဆီသယ်ဆောင်ရောင်းချနေကြတဲ့ ဝက်လက်ဒေသခံ ၃၀၀ ဝန်းကျင်က ရာနဲ့ချီတဲ့ကားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တာပါ။
ဒေသခံတွေဘက်က အခွန်ငွေကို ဆီ ၁ ပေပါ ၅,၀၀၀ ကျပ်နှုန်းသာ လျှော့ချကောက်ခံပေးဖို့ တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပြီး ဒေသအာဏာပိုင်တွေဘက်ကတော့ အဆိုပါနှုန်းထားအထိ လျှော့ချကောက်ခံဖို့အဆင်မပြေဘူးလို့ သိရပါတယ်။
၂၀၂၄ ဒီဇင်ဘာလကစတင်ကာ စစ်ကောင်စီက ဒေသကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့ စစ်ကိုင်းနဲ့မန္တလေးတိုင်းအတွင်း စက်သုံးဆီသယ်ဆောင်ရောင်းချမှု ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေက စက်သုံးဆီတွေကို အဆင်ပြေတဲ့လမ်းကြောင်းကနေသယ်ယူပြီး ကန့်သတ်ခံထားရတဲ့ဒေသတွေကို ပို့ဆောင်ရောင်းချနေကြတာလို့ ဝက်လက်မြို့နယ်ပကဖထံက သိရပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – M