တောင်ငူ၊ ဩဂုတ် ၉၊ ၂၀၂၅။
စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လို့ ပဲခူးတိုင်း၊ တောင်ငူနဲ့ အုတ်တွင်းမြို့နယ်တွေမှာ ရေပြန်ကြီးနေပြီး ဒေသခံတွေလည်း အရေးပေါ်ရွှေ့ပြောင်းဖို့ပြင်ဆင်ထားတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
သြဂုတ် ၈ ရက်စပြီး စစ်တောင်းမြစ်ရေပြန်တက်လာတာကြောင့် တောင်ငူမြို့ပေါ်ရပ်ကွက်တွေနဲ့ကျေးရွာ ၈ ခုနဲ့ အုတ်တွင်းမြို့နယ်က ကျေးရွာ ၉ ခုမှာ ရေပြန်ကြီးနေတာလို့ ဆိုပါတယ်။


“မြစ်ရေပြန်တက်တော့ အရင်ကလည်း ရေတက်ထားတဲ့အခံလေးတွေရှိတော့ နည်းနည်းလေးတော့ များမယ်။ နည်းနည်းလေး ဂရုစိုက်ရတယ်။ ကြီးကြီးမားမားကြီး အန္တရာယ်တော့မရှိပါဘူး။ သောက်သုံးရေ ပြတ်လပ်တာတော့ရှိမယ်။ “လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
ဇူလိုင် ၂၇ ရက်ညပိုင်းကစတင်ကာ သြဂုတ် ၁ ရက်အထိ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက်ရောက်ခဲ့ပြီးနောက် ဩဂုတ် ၈ ရက်မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအောက် ၅၉၆ စင်တီမီတာအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ် ၉ ရက်မနက်မှာတော့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၁၀ စင်တီမီတာထိ ပြန်ရောက်လာတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်ငူမြို့မှာ အမှတ် ၈၊ ၉၊ ၁၀ရပ်ကွက်၊ အလယ်ကျွန်း၊ ပြသောင်၊ တဖန်းပင်၊ မလွှပင်၊ ကျွန်းတောနဲ့ အုတ်တွင်းမြို့နယ်အတွင်းမှာ ကြက်လျှာ၊ ခေါင်ရမ်း၊ ဝက်ကြီး၊ မြင်းစု၊ သာဂရ၊ ခပေါင်းတိုက်ရွာတွေ အပါအဝင် ကျေးရွာ ၉ ရွာမှာ ရေပြန်ဝင်နေပြီး အနိမ့်ပိုင်းတွေမှာ ရေ ၄ ပေခန့် မြင့်တင်လာတယ်လို့ အထက်ပါကူညီလုပ်ဆောင်ပေးနေသူက ပြောပါတယ်။


ရေပြန်တက်နေလို့ အုတ်တွင်းနဲ့တောင်ငူမှာ ရေဘေးရှောင်နေရသူ ၁,၀၀၀ ဝန်းကျင်ရှိနေပြီး ရေတွင်း ရေကန်တွေမှာ ရေပြည့်နေတာကြောင့် ရေသုံးစွဲမှုခက်ခဲတဲ့အတွက် သောက်သုံးရေနဲ့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ဒေသတွေမှာ ဒေသလူမှုကူညီရေးအသင်းတွေနဲ့ မီးသတ်၊ ဌာနဆိုင်ရာအချို့ အရေးပေါ်ရွှေ့ပြောင်းဖို့ စက်လှေတွေပြင်ဆင်ထားပြီး လိုအပ်ပါကကူညီကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ပြင်ဆင်ထား တာရှိတယ်လို့ ဆိုပါတယ်။
ဇူလိုင်နောက်ဆုံးပတ်ကနေ ဩဂုတ်လပထမပတ်အတွင်း ရေကြီးခဲ့တာကြောင့် အုတ်တွင်းနဲ့ တောင်ငူရှိ ရပ်ကွက်ကျေးရွာ ၃၅ ခုထက်မနည်းက လူဦးရေ ၂သောင်း ကျော်ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း – လင်း