မန္တလေး၊ ဇူလိုင် ၃၀၊ ၂၀၂၅။
မန္တလေးတိုင်းအတွင်းမှာ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ရဲ့ အပတ်စဉ် ၁၉ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဇူလိုင် ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီသင်တန်းသင်တန်းကို ဇွန်လထဲမှာစတင်ခဲ့ပြီး ၁ လခွဲကြာပြုလုပ်ခဲ့ကာ အမျိုးသမီး၊ အမျိုးသား ၁၀၀ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“သင်တန်းသားတွေက အသစ်တွေပါပဲ၊ အဓိကအားဖြင့် သူတို့နယ်မြေတွေမှာ စစ်ကောင်စီက အတင်းအဓမ္မ အနိုင်ကျင့်နှိပ်စက်မှုတွေ မီးရှို့ခံရလို့ လာတာတွေလည်းရှိတယ်၊ ဒီအတိုင်းပဲ စစ်ကောင်စီကို တော်လှန်ချင်လို့ လာတာတွေလည်းရှိတယ်၊ နေပြည်တော်က လာတာတွေလည်းရှိတယ်၊ ဒီမှာဆိုရင် တိုင်းရင်းသားတွေပါတယ်၊ ရခိုင်ပါတယ်၊ မွန်ပါတယ်” လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
သင်တန်းကာလအတွင်းမှာ အခြေခံစစ်ပညာ၊ ပြည်သူလူထုနဲ့ပေါင်းသင်းဆက်ဆံရေးပညာ၊ စစ်ရေးဗျူဟာတွေကို MBT ရဲ့ဗျူဟာမှူး၊ ကွန်မန်ဒိုသင်တန်းဆရာတွေနဲ့ ဗိုလ်မိုက်ခဲတို့က သင်ကြားခဲ့တယ်လို့ သိရပါတယ်။
“သင်တန်းဆင်းပွဲမှာ လက်နက်အဖြုတ်အတပ်ဆု၊ စစ်ရေးပြဆု၊ စစ်ကြောင်းလိုက် စစ်ရေးပြဆုဆိုပြီး ဆု ၃ ဆု ခွဲပေးခဲ့ပါတယ်၊ လက်နက်လည်း တပ်ဆင်ပေးခဲ့တယ်၊ ပုခုံးထမ်းလက်နက် AK ၊ PT ၁၆ တွေ တပ်ဆင်ပေးခဲ့တယ်၊ အကုန်လုံးကို မတပ်ဆင်ပေးနိုင်ခဲ့ပေမယ့် ရှေ့တန်းစစ်မြေပြင်မှာတော့ အနေအထားတခုမှာ ထားဖို့ရှိပါတယ်၊ သင်တန်းပြီးတဲ့အခါမှာလည်း စစ်မတိုက်ချင်တဲ့သူလည်းရှိတယ်၊ တချို့ကျတော့လည်း စစ်အာဏာရှင်ကိုမုန်းတယ်၊ ဒါပေမယ့် ကိုယ်တိုင်မတိုက်ချင်ဘူး၊ ဒါပေမယ့် ဆေးပိုင်း၊ ကွန်ပျူတာပိုင်း၊ ရုံးပိုင်းဆိုင်ရာတွေ သွားမယ့်သူတွေရှိတယ်၊ ဒီသင်တန်းဆင်းတဲ့ ရဲဘော်အားလုံးက ရှေ့တန်းကိုသွားကြတာမဟုတ်ပါဘူး” လို့ Myingyan Black Tiger-MBT မြင်းခြံခရိုင်တပ်ရင်း – ၉ ခေါင်းဆောင်ဗိုလ်မိုက်ခဲက ပြောပါတယ်။
သင်တန်းဆင်းပွဲမှာ MBT တပ်က စစ်ဦးစီးချုပ်တွေ၊ ဗျုဟာမှူးတွေ၊ စစ်ကြောင်းမှူးတွေ တက်ရောက်ခဲ့ပြီး ဗျူဟာမှူးတွေကလည်း မိန့်ခွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – M