ကနီ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမအရှေ့ရွာကအမျိုးသားတဦး စစ်ကော်မရှင်တပ်တွေထောင်ထားခဲ့တဲ့ မြေမြုပ်မိုင်းနင်းမိပြီး ခြေကျင်းဝတ်ပြတ်သွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ ဘက်ထရီအိုးပြန်ယူဖို့ ရွာထဲဝင်သွားတဲ့ ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦး နေအိမ်ခြံဝင်းထဲမှာပဲ နင်းမိုင်းမိပြီး ခြေကျင်းဝတ်ပြတ်တောက်ခဲ့တာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
“မရှင်းလင်းသေဘူး၊ ရှင်းလင်းရေးက မပြီးသေးဘူး၊ အဲ့တော့မဝင်ဖို့ တားထားသေးတယ်၊ သူက ခိုးဝင်တာ၊ မသိမသာ ခိုးဝင်ပြီးတော့ ဘက်ထရီအိုးယူတာ၊ ဘက်ထရီအိုးဝင်ယူတော့ကျ အဲ့မှာ နင်းမိုင်းမိတယ်၊ နင်းမိုင်းက ခြေကျင်းဝတ်ပေါ့၊ ခြေကျင်းဝတ်ကနေ ဖြတ်လိုက်ရတာ၊ ပြီးတော့ ပေါင်ရိုးလည်းကျိုးတယ်။” လို့ အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
လက်ရှိမှာ နင်းမိုင်းမိသူကို ဒေသတွင်းဆေးရုံတခုမှာ ဆေးကုသမှုပေးထားပြီး အသက်အန္တရာယ်ကတော့ မစိုးရိမ်ရတော့ဘူးလို့ သိရပါတယ်။
ချောင်းမရွာထဲကို စစ်ကော်မရှင်တပ်တွေ ထောင်ထားခဲ့တဲ့ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေရှိနေနိုင်သေးတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှင်းလင်းပြီးမှသာ ပြည်သူတွေ ပြန်လည်ဝင်ရောက်စေချင်တယ်လို့ အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေအထိုင်ချထားတဲ့ ချောင်းမရွာအနီးမှာ ခမရ ၁၆ က ဗိုလ်မှူး သူရိန် ဦးဆောင်တဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းကို စက်တင်ဘာ ၁၁ ရက် မနက် ၁၁ နာရီမှာ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး ဘန့်ဘွေးရွာကို ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက်မှာ ချောင်းမရွာကို တော်လှန်ရေးတပ်တွေ ပြန်လည်ရယူခဲ့ပြီး စစ်ကော်မရှင်တပ်သား အလောင်း ၃ လောင်း၊ ဂျန်ဘာ ၁ လုံး၊ သေနတ် ၄ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပြီး စစ်သုံ့ပန်း ၄ ဦးကိုလည်းဖမ်းမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စာတည်း – လင်း