မုံရွာ၊ နိုဝင်ဘာ ၁၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ မန္တလေးတိုင်း၊ မြို့သာမြို့မှာ စစ်ကော်မရှင်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကြားဖြတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၀ ရက်မနက် ၈ နာရီခွဲမှာ မုံရွာမြို့နယ်၊ သာစည်ရွာကထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို ဒါန်းပင်တဲ၊ ကိုးပင်နဲ့ ထန်းပင်လှရွာအနီးရှိ တောတိုက်ထဲမှာ ကြားဖြတ်တိုက်ခိုက်ပြီး ၁ နာရီကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
“သူတို့က သာစည်ရွာကနေ ကျောက်စစ်ပုံအမြောက်တပ်ကို ပြန်တာ၊ ဒါန်းပင်တဲရွာ၊ ကိုးပင်ရွာနဲ့ ထန်းပင်လှရွာအနီးမှာ တိုက်ခိုက်ခဲ့တာ ပစ်ခတ်မှုမှာတော့ ဒဏ်ရာရ သေဆုံးတာတွေ ရှိနိုင်ပါတယ်။ သူတို့ပြန်တဲ့ လမ်းတလျှောက် ရွာတွေက ပစ်သူတွေကို လိုက်ပစ်တာနဲ့ ရိက္ခာတွေဝင်ယူတာတွေ လုပ်ပါတယ်။ ကျောက်စစ်ပုံတပ်ကနေ သံပြားကာကားတွေနဲ့ အင်အားဖြည့်ပြီး လာကြိုတယ်။ ကျနော်တို့ ပြန်ဆုတ်ပေးခဲ့ရတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။
တိုက်ပွဲဖြစ်နေချိန်အတွင်း ကျောက်စစ်ပုံအမြောက်တပ်ကနေလည်း လက်နက်ကြီးနဲ့ ၁၀ ချက်ကျော်ပစ်ခတ်ခဲ့တဲ့အပြင် မုံရွာ နမခ ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့လည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်း၊ မုံရွာမြို့နယ် တိုက်နယ် ၅၊ မုံရွာခရိုင် တပ်ရင်း ၁၈ တို့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကော်မရှင်ဘက်က သေဆုံးမှုရှိနိုင်ကာ တိုက်ခိုက်ခံရပြီးနောက် စစ်ကြောင်းက ကျောက်စစ်ပုံအမြောက်တပ်ထဲကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။
အလားတူ နိုဝင်ဘာ ၁၀ ရက် မနေ့က မနက် ၅ နာရီကျော်မှာလည်း မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ မြို့သာရဲစခန်းကထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါစစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special Task Force Ngazun တာဝန်ရှိသူတဦးက ပြောပါတယ်။
“မြို့သာရဲစခန်းနဲ့ စက်မှုဇုန်ကြားမှာ မိုင်းဆွဲလိုက်တာ၊ မိုင်းက ၂ ပွိုင့်ဆွဲတာ၊ မိုင်း ၆ လုံးဆွဲလိုက်တာ၊ ၄ ကောင်ကနေရာတင်သေဆုံးသွားတယ်” လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာ အဆိုပါစစ်ကြောင်းဟာ မြို့သာနဲ့ စက်မှုဇုန်ကြားရှိ ကျွဲဇိမ်ရွာကိုဝင်ပြီး ဒေသခံတွေရဲ့ ရွှေထည်နဲ့ ငွေတွေကိုယူသွားပြီးနောက် ၄၀ မမ ၂ လုံးနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်ကလည်း မြို့သာမြို့ ဈေးကနေ ဈေးဝယ်ပြန်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးကို Special Task Force Ngazun ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
တည်းဖြတ် – M


