မိုးကုတ်၊ နိုဝင်ဘာ ၂၆၊ ၂၀၂၅။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် – TNLA က စစ်ကော်မရှင်တပ်ထံ ပြန်ပေးဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တွေကို ယခုရက်ပိုင်းမှာပဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စတင်ဝင်ရောက်နေပြီး TNLA တပ်က လုံခြုံရေးပေးထားတယ်လို့ မြို့ခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မိုးကုတ်နဲ့ မိုးမိတ်မြို့ကို စစ်တပ်က အခုနိုဝင်ဘာလကုန်နောက်ဆုံးထားပြီး ဝင်ရောက်မယ်လို့ TNLA တပ်က သတိပေးထားပြီး စစ်တပ်ဝင်ရောက်ချိန်မှာ တိုက်ခိုက်တာတွေမပြုလုပ်ဖို့ မြို့နယ်ပကဖတွေအပါအဝင် ဒေသတော်လှန်ရေးတပ်အားလုံးကို ပြောဆိုထားတယ်လို့ သိရပါတယ်။
” မိုးမိတ်ကိုက ကားနဲ့ချပြီး အိမ်တွေထဲအထိတပ်ဝင်စွဲတာ။ မိုးကုတ်မှာက ယူနီဖောင်းနဲ့ဝင်မလာသေးဘူး။ထောက်လှမ်းရေးအရင်ဝင်လာတယ်။ ၂၉ ရက်နေ့မှာ လမ်းကြောင်းနှစ်ခုကနေ ဝင်မယ်လို့သိထားတယ်” လို့ မြေပြင်တော်လှန်ရေးသတင်းအရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
မိုးကုတ်နဲ့မိုးမိတ်မြို့အဝင်အထွက်တွေနဲ့ စစ်ကော်မရှင်တပ်တွေဝင်ရောက်လာမယ့်လမ်းကြောင်းတွေမှာလည်း TNLA တပ်က အင်အားအလုံးအရင်းနဲ့ တပ်ဖြန့်လုံခြုံရေးယူထားတာ ရက်သတ္တပတ်တခုခန့်ရှိပြီလို့ စစ်ရေးသတင်းအမြစ်တချို့ဆီက သိရပါတယ်။
အောက်တိုဘာ ၂၆နဲ့ ၂၇ ရက်မှာ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ စစ်ကော်မရှင်တပ်နဲ့ TNLA တပ်ဖွဲ့တွေအကြား အပစ်ရပ်ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးတဲ့နောက် TNLA က မိုးကုတ်နဲ့မိုးမိတ်ကို စစ်ကော်မရှင်ထံပြန်ပေးဖို့ သဘောတူညီခဲ့တာလည်း ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ရှမ်း-မန်းစစ်ဆင်ရေးမှာ မန္တလေးတိုင်း၊ မိုးကုတ်နဲ့ စဥ့်ကူး၊ ရှမ်းပြည်နယ် မိုးမိတ်၊ နောင်ချိုမြို့တွေကို MDY-PDF ဦးဆောင်တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်ရှိမှာ အဲ့ဒီထဲက စဉ့်ကူးမြို့တမြို့သာ ထိန်းချုပ်ထားနိုင်တော့တာလည်း ဖြစ်ပါတယ်။