မလှိုင်၊ ဇူလိုင် ၁၉၊ ၂၀၂၅။
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ တောင်ရိုးတဲကျေးရွာနဲ့လယ်ဖျားကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူ ၁ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက်မနက် ၅ နာရီခန့်မှာ စစ်ကောင်စီဘက်က စက်တပ်လေထီး ၄ စီးအသုံးပြုကာ ကျေးရွာ ၂ ရွာထဲကို ၁၂၀ မမ ဗုံး ၁၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။

“အိမ်တွေပေါ်တော့ တည့်(ဒဲ့)ကျတာ။ တိုက်ခန်းတွေဆိုတော့ ကံကောင်းသွားတာ။ အခန်းတွေနဲ့ဆိုတော့ လူထိနည်းတာ။ ကံကောင်းကြတာပဲပြောရမယ်၊ ဗုံးခိုကျင်းတွေလည်းမရှိဘူး။”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးကြဲခံရလို့ တောင်ရိုးတဲကျေးရွာက အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးမစိုးရိမ်ရဒဏ်ရာရပြီး ကျေးရွာ ၂ ရွာက နေအိမ် ၆ လုံးပျက်စီးသွားပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကောင်စီဘက်က နောက်ထပ်ဗုံးကြဲမယ်ဆိုတဲ့ သတင်းကြောင့် ၂ ရွာပေါင်း အိမ်ခြေ ၅၀၀ ကျော်က ဒေသခံ ၁,၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

အဆိုပါ ကျေးရွာ ၂ ရွာဟာ မလှိုင်၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့နယ် ၃ မြို့နယ်အစပ်ဒေသဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၄ ရက်ကလည်း မလှိုင်မြို့နယ်၊ ထနောင်းကိုင်းကျေးရွာကို စစ်ကောင်စီဘက်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲခဲ့လို့ ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် ၆ လုံးပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
စာတည်း – လင်း