လေယာဥ်သတိပေးချက်ကြောင့် လူထိခိုက်မှုမရှိခဲ့
တောင်သာ၊ မေ ၂၃၊ ၂၀၂၅။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံစဥ်လေးကျေးရွာကို မေ ၂၂ ရက်မှာ စက်တပ်လေထီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးခဲ့တယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ကသိရပါတယ်။
မနက် ၅ နာရီလောက်မှာ စစ်ကောင်စီရဲ့စက်တပ်လေထီး ၅ စီးပေါ်ကနေ ဗုံး ၁၄ လုံးကြဲချခဲ့ရာ ရွာတောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းထဲကျရောက်ပေါက်ကွဲခဲ့တာပါ။



ရုံစဥ်လေးရွာမှာ အိမ်တိုင်းနီးပါးဗုံးခိုကျင်းရှိပြီး လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတာကြောင့် ဒေသခံတွေထိခိုက်သေဆုံးတာမရှိခဲ့ဘူးလို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“အဲဒီဘက်တွေက လေယာဥ်နဲ့ပတ်သက်ပြီး သတိဝီရိယထားကြတယ်။ ဗုံးခိုကျင်းတွေလည်း အိမ်တိုင်းရှိတယ်။ လေယာဥ်အချက်ပေးသံချောင်းခေါက်တာကလည်း တနယ်လုံးရှိတယ်။ ပါရာမိုတာ (စက်တပ်လေထီး) ပဲလာလာ၊ လေယာဥ်ပဲလာလာ သံချောင်းခေါက်အချက်ပေးကြတာ။ အဲ့တာကြောင့် လူထိခိုက်မရှိတာ။ ပါရာမိုတာလာချိန် အချက်ပေးသံချောင်းခေါက်လိုက်နိုင်လို့ လူတွေ ဗုံးခိုကျင်းထဲ ဝင်လိုက်နိုင်တာ”လို့ တောင်သာမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း ဒေသခံတွေထိခိုက်မှုမရှိပေမယ့် လူနေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းဝင်းထဲရှိ သိမ် ၁ လုံးနဲ့ ကား ၁ စီးပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ရုံးစဥ်လေးကျေးရွာဟာ အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၈၀၀ ဝန်းကျင်နေထိုင်တဲ့ရွာဖြစ်ပြီး ယခုဗုံးကြဲခံရတာက ဒုတိယအကြိမ်ဖြစ်တယ်လို့ အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း အဲ့ဒီရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကလေးငယ် ၁ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။
ဉာဏ်လင်းသစ်သုသေသနအဖွဲ့ရဲ့ အစီရင်ခံစာအရ အခုနှစ် မေ ၉ ရက်ကနေ ၁၅ ရက်အတွင်း မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူး(အရှေ့) ဒေသများအပါအဝင် ဒေသ ၁၄ ခုမှာ အရပ်သားတွေအပေါ်ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု ၆၁ ခုရှိခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၄ ဦးသေဆုံးကာ ၂၄၅ ဦးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း