ဖမ်းဆီးခံတပ်ဖွဲ့ဝင်တွေပြန်လွှတ်ပေးဖို့ ဒေသခံတွေဆန္ဒပြတောင်းဆို(ရုပ်/သံ)
မင်းကင်း၊ စက်တင်ဘာ ၁၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် – SRF တပ်ဖွဲ့ဝင် ၂ ဦးနဲ့ ထောက်ပို့ ၁ ဦးကို မင်းကင်းမြို့နယ် တပ်ရင်း ၄ က ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ SRF တာဝန်ခံ ကိုစံတင်ထွန်းက ပြောပါတယ်။
မင်းကင်းမြို့နယ် တပ်ရင်း ၄ ဒုတပ်ရင်းမှူး ကိုကျော်မိုးလွင်ဦးဆောင်တဲ့အဖွဲ့က ဩဂုတ် ၂၈ ရက်ည ၁၁ နာရီခန့်မှာ မင်းကင်းမြို့နယ်အတွင်းရှိ SRF ရဲ့ဂိတ်တခုမှာ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးခဲ့ကာ တပ်ဖွဲ့ပိုင်ပစ္စည်းတချို့ကိုလည်း ဖျက်ဆီးခဲ့ပြီး ဆက်သွယ်ရေးစက်၊ ဆိုလာ၊ ဘက်ထရီနဲ့ သေနတ် ၃ လက်ကို ယူဆောင်သွာူတယ်လို့ဆိုပါတယ်။
“ကျနော်တို့ ရဲဘော်တွေ ၂၈ ရက်နေ့ ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခံရတာပါ၊ ဖမ်းဆီးတဲ့ပုံစံကလည်း ဖမ်းတဲ့ပုံစံနဲ့ မဟုတ်ဘဲ တိုက်ပွဲငယ်တခု ပုံစံမျိုးပါ။ ” လို့ SRF တာဝန်ခံ ကိုစံတင်ထွန်းက မြေလတ်အသံကို ပြောပါတယ်။
ဝင်ရောက်ဖမ်းဆီးပြီးနောက် SRF တပ်ဖွဲ့ပိုင် Uzi သေနတ် ၁ လက်၊ M4 ၁ လက်၊ ခါးချိုးသေနတ် ၁ လက်တို့ကို ယူဆောင်သွားတာလို့ ဆိုပါတယ်။
ဝင်ရောက်ဖမ်းဆီးတဲ့ညမှာ သေနတ်ပစ်ခတ်သံ၊ အတွဲလိုက်ပစ်သံတွေကို ကြားခဲ့ရတယ်လို့ အနီးအနားရှိ ဒေသခံပြည်သူတွေဆီကသိရပြီး SRF ကလည်း ကျည်ဆန်ခွံတွေကို သက်သေအဖြစ်သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
SRF တပ်ဖွဲ့ဝင်တွေရဲ့ တပ်ပြေးမှုနဲ့ပတ်သက်ပြီး မုံဒင်းရွာရပ်ကျေးပြည်သူ့အုပ်ချုပ်ရေး ဥက္ကဌဦးမြဝင်း နဲ့ အမျိုးသား ၂ ဦးကို ခေါ်ယူစစ်ဆေးဖို့ဆိုကာ ဖမ်းဆီးထားတာကြောင့် မင်းကင်းမြို့နယ် တပ်ရင်း ၄ က အခုလိုပစ်ခတ်ဖမ်းဆီးရကြောင်း SRF ဆီကို ဦးကျော်မိုးလွင်ကတဆင့် အကြောင်းပြန်တယ်လို့ တာဝန်ခံ ကိုစံတင်ထွန်း က ပြောဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မြေလတ်အသံက မင်းကင်းမြို့နယ် တပ်ရင်း ၄ ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိပါဘူး။
ခုလ ဩဂုတ်လအတွင်းမှာ SRF တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း တပ်ပြေးမှုဖြစ်ခဲ့ပြီး ၎င်းတပ်ပြေးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် ဩဂုတ် ၂၆ ရက်မှာ ဦးမြဝင်းနဲ့ အရပ်သား ၂ ဦးကို ခေါ်ဆောင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီထဲက ပြည်သူ ၁ ဦးကိုတော့ အပြစ်မရှိတာကြောင့်စစ်ဆေးဖို့ခေါ်ယူတဲ့ရက်မှာပဲ ပြန်လွှတ်ပေးခဲ့ပြီး ဦးမြဝင်းနဲ့ အရပ်သား ၁ ဦးကိုတော့ ဒီကနေ့ထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဦးမြဝင်းကိုလည်း ခုလိုဖမ်းဆီးစစ်ဆေးမှုတွေမလုပ်ခင်ကတည်းက စစ်ဆေးမှုတွေလုပ်ဖို့လို အပ်လာရင် ပူးပေါင်းကူညီပေးဖို့ ကြိုတင်ပြောဆိုထားတာရှိတယ်လို့ ကိုစံတင်ထွန်းက ပြောပါတယ်။
“အဲ့ဒီတပ်ပြေးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့အတွက် အုပ်ချုပ်ရေးမှူးကိုလည်း ပြောထားပြီးသားပါ၊ ကျနော်တို့ လိုအပ်ရင် ခေါ်ပါမယ်ဆိုတာ၊ ကျနော်တို့ ပြောထားပြီးသား၊ ဒါ ဖမ်းဆီးမှုလို့ ခေါင်းစဉ်တပ်လို့ မရပါဘူး၊ ကျနော်တို့အနေနဲ့ အဲဒီအထဲမှာ ကောင်လေး ၁ ယောက်ဆိုရင် ပါလာတယ်၊ အဲဒီတပ်ပြေးမှု၊ ရဲဘော်တွေပြေးတဲ့အခါမှာ ကယ်ရီနဲ့ လိုက်ပို့လိုက်တဲ့ ၁ ယောက်ပါတယ်၊ ကျနော်တို့ စုံစမ်းစစ်ဆေးချက်အရ အပြစ်မရှိဘူးဖြစ်တဲ့အတွက် ကျနော်တို့က သူ့ကိုလွှတ်ပေးထားပါတယ်၊ လွှတ်ပေးပါတယ်။” လို့ ကိုစံတင်ထွန်းက ပြောပါတယ်။
အဲ့ဒီနောက် ဩဂုတ် ၃၀ ရက်ညနေမှာတော့ SRF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး SRF တပ်ဖွဲ့၊ Local Union တပ်ဖွဲ့ဝင်တွေနဲ့ မင်းကင်းမြို့နယ်ရှိ ဒေသခံ ၂၀၀ ဝန်းကျင်ကလည်း မင်းကင်းမြို့နယ်အတွင်း ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် ကိုကျော်မိုးလွင်ဆီ လူကိုယ်တိုင် သွားရောက်တွေ့ဆုံတာ၊ ရပ်ရွာလူကြီးတွေက မင်းကင်း မြို့နယ် တပ်ရင်း ၄ နဲ့ သွားရောက်တွေ့ ဆုံတာမျိုးလုပ်ပေမယ့် သြဂုတ် ၃၁ ရက်နေ့အထိလက်ခံ စကားပြောတာမျိုး မရှိသေးဘူးလို့ SRF တာဝန်ခံဆီက သိရပါတယ်။
စာတည်း – လင်း ၊ တည်ဖြတ် – HP