ပခုက္ကူ၊ မေ ၁၇၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂ ရက် ဆက်တိုက် Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ COBRA ONE Pakokku ဆီက သိရပါတယ်။
ပခုက္ကူမြို့နယ်၊ ရှင်မကန်ရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၁၄ ရက်နဲ့ ၁၆ ရက်တို့မှာ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရှင်မကန်ရွာတောကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မေ ၁၄ ရက်နေ့လယ် ၁ နာရီ ၆ မိနစ်မှာတကြိမ်၊ ညနေ ၆ နာရီ ၅၀ မိနစ်မှာတကြိမ် Rocket နဲ့ ၂ လုံးပစ်ခတ်ခဲ့ရာမှာ သူတို့တပ်စွဲထားတဲ့နေရာ ၁ လုံးကျပြီး ၁ လုံးကတော့ဘေးကျခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင် မေ ၁၆ ရက် ညနေ ၆ နာရီ ၅၈ မိနစ်မှာလည်း ရော့ကတ် ၂ လုံးနဲ့ ထပ်မံပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ရွာထဲကျတာမှာ ပျူစောထီးတွေထိတယ်လို့တော့ ဖရဲသီးသတင်းပေးချက်အရ သိရတယ်၊ ကျနော်တို့ ၂ မိုင်ခွဲအကွာကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ COBRA ONE Pakokku ခေါင်းဆောင် ဗိုလ်မြွေဟောက်က ပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ က အင်အား ၁၆၀ ကျော်ပါစစ်ကြောင်းဖြစ်ပြီး ဧပြီ ၂၉ ရက်ကတည်းက ပခုက္ကူမြို့နယ်ထဲ စတင်၀င်ရောက်လာတာဖြစ်ပြီး မေ ၁၂ ရက်မှာ ရှင်မကန်ရွာထဲကို ၀င်ရောက်တပ်စွဲခဲ့တာလို့ ဆိုပါတယ်။


“စစ်ကြောင်းထိုးတာ၊ အောက်ကျင်းစုရွာ၊ ရွာသစ်ရွာ၊ ဆယ်ပင်စုရွာနဲ့ ချောင်းဂွရွာ တို့ကို မွှေနှောက်သွားတယ်၊ ပစ္စည်းယူတာတော့ မရှိဘူး၊ နေအိမ်တွေကိုတက်ပြီး ချက်ပြုတ်စားသောက်ကြတာ၊ စစ်ကောင်စီက မီးရှို့လို့ နေမရတဲ့ရွာတွေရှိတယ်၊ စစ်ရှောင်တဲတွေကိုလည်း မီးရှို့သွားတယ်။” လို့ ဆိုပါတယ်။
ခုလိုစစ်ကြောင်းထိုးလို့ ပခုက္ကူမြို့နယ်ထဲက အောက်ကျင်းစုရွာ၊ ရွာသစ်ရွာ၊ ဆယ်ပင်စုရွာနဲ့ ချောင်းဂွရွာတွေက လူဦးရေ ၁,၀၀၀ ခန့်စစ်ရှောင်နေကြရတယ်လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်ကလည်း မြိုင်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ COBRA ONE Pakokku တပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စာတည်း – လင်း